
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွါထွက်ပြေးကြကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၁၃ရက် ညနေပိုင်းအချိန်တွင် ကျိန္တလီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များသည် (AA) ၏ ထိုးစစ်ကို မခုခံနိုင်တော့ဘဲ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
“၁၁ရက်နေ့ကတည်းက ရဲစခန်းနဲ့ ကင်းစခန်းတွေအတိုက်ခံရပြီး စစ်တပ်ကနောက်ဆုတ်နေတာ။ ၁၂ရက်နေ့မှာ လေကြောင်း ပစ်ကူလာတယ်။ ရဲစခန်းပတ်လည်နဲ့ ထွေအုပ်ရုံးတွေဘက် ရစရာမရှိဘူး။ ဒေသခံအတော်များများကတော့ စစ်ရှောင်နေကြပါပြီ။ အိမ်စောင့်ကျန်သူနဲ့ ဘယ်ကိုပြေးရမှန်း မသိသူတွေဘဲ မြို့ထဲကျန်မယ်။ လူနည်းစုပါပဲ” ဟု ကျိန္တလီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်နေ့တွင် ကျိန္တလီမြို့ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီအခြေချနေရာယူထားသည့် နေရာများကို ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ပြီး ဒရုန်းဗုံးများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဩဂုတ် ၁၂ရက်နေ့အထိ လေကြောင်း ရေကြောင်းတို့မှပစ်ကူပေးခဲ့ပြီး လက်နက်ကြီး များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်ရှိ ချင်းကွင်းကျေးရွာ စစ်စခန်းကို AAက ဩဂုတ် ၁၀ရက်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ဂွမြို့အတွင်း တပ်ဆုတ်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကသိုင်းကွင်း၊ ကုလားပြင်(ရတနာမြိုင်)၊ သဗြုချောင်းနှင့် ဂွမြို့တွင်းတွင် စစ်အင်အား တိုးချဲ့ ခံစစ်ပြင်လျက်ရှိသည်။
စစ်ကောင်စီက ကျိန္တလီမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် မြို့အတွင်း ကျန်ရစ်နေသည့်ဒေသခံတချို့ ပိတ်မိနေကြောင်း သိရသည်။
#ကျိန္တလီမြို့ #ဂွမြို့နယ် #စစ်ကောင်စီ #စခန်းစွန့်ပြေး #Ayeyarwaddy_Times