
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ဧရာ၀တီတိုင်း ၊ ငါးသိုင်းချောင်းမြို့နှင့် ရခိုင်ပြည်နယ် ဂွ မြို့တို့ ထိစပ်နေသော ရေနံသာစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၁၂ရက်နေ့မှ စတင်ပြီး လူငယ်နှင့် လူလတ်ပိုင်းများကို အဓိကထားပြီး တင်းကြပ်စွာစစ်ဆေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်လာသည့် သူများထဲမှ အသက် ၁၈ နှစ်မှ ၄၀ နှစ်အရွယ်အမျိုးသားများကို စစ်ကောင်စီ တပ်ဖွဲ့၀င်များမှ မှတ်ပုံတင်စစ်ဆေးခြင်းအပြင် ၊ ဒူးခေါင်းနှင့်လက်များကို အဓိကထားစစ်ဆေးနေကြောင်းသိရသည်။
“AAနဲ့ PDF တွေ တိုင်းထဲ၀င်တယ်လို့သတင်းတွေကြားပြီး သူတို့ကြောက်နေကြတာ။ လူငယ်ဆို ဒူးလှန်ပြခိုင်းတယ်၊စစ်သင်တန်းဆင်းဆို ဒူးပွန်းပြီးအမာရွတ်ရှိလား လက်မှာဆို လက်ညှိးမှာသေနတ်ပစ်လို့ အသားမာတက်လားဆိုပြီး သေခြာစစ်နေတာ”ဟု အစစ်ဆေးခံရသည့် လူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရခိုင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်များ ဧရာ၀တီတိုင်းဘက်သို့ တိမ်းရှောင်လာကြသည့် အနက် လူငယ်အမျိုးသားများကို အဓိထားစစ်ဆေးနေခြင်းဖြစ်ပြီး မှတ်ပုံတင်မပါသည့် သူများကိုလည်း ဝင်ခွင်မပြုပဲရဲစခန်းသို့ပို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
သြဂုတ်လ ၁၁ရက်နေ့ကစတင်ပြီး ဂွမြို့နယ် ကျိန္တလီမြို့ရှိ ရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်စခန်းများကို ရခိုင့်တပ်တော်AAမှ စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နယ်မြေထိစပ်နေသော ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီမှယခုကဲ့သို့ စစ်ဆေးမှုများတင်းကြပ်လာခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-ရေနံသာစစ်ဆေးရေးဂိတ်
#ရခိုင် #ဧရာ၀တီ #ဂိတ်များ #ငသိုင်းချောင်း#ဂွ #ရေနံသာ #စစ်ဆေးရေးဂိတ် #လူငယ်များ #တင်းကြပ်စွာစစ်ဆေးနေ
#Ayeyarwaddy_Times