ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်တောက်သွားဟုဆိုကာ မှောင်ခိုရောင်းချနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သတင်းရရှိသည်။

ဝါးခယ်မမြို့တွင် ယမန်နေ့ဩဂုတ်လ ၁၂ရက်နေ့ကစ၍ မြို့တွင်းရှိစက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပြတ်တောက်ခဲ့သည်ဟုဆိုကာ ဆိုင်ပိတ်ထားကြောင်း မြို့ခံများထံကသိရသည်။

“ စက်သုံးဆီအကုန်ပြတ်သွားတယ်ဆိုပြီးတေ့မနေ့ကတည်းကမရောင်းတော့ဘူး။ မြို့ထဲကဆီဆိုင်ကြီးတွေ ပိတ်သွာတာပေါ့။ တချို့ဆီဆိုင်ငယ်တွေဆိုရင်လည်းအရောင်းခဏရပ်ထားတာဒီနေ့အထိပဲ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ စက်သုံးဆီများပြတ်တောက်နေသော်လည်း မြို့တွင်းရှိ စက်သုံးဆီဆိုင်များ၌ ဓာတ်ဆီ ၉၂ တစ်ဂါလံလျှင် ၆၀၀၀ ကျပ် ဝန်းကျင်၊ ဒီဇယ်တစ်ဂါလံလျှင် ၉၀၀၀ ကျပ်မှောင်ခို ပေါက်ဈေးရှိနေကာ ဝယ်ယူလိုသူများအနေဖြင့် ဖုန်းဖြင့်ချိတ်ဆက်ရပြီး တစ်ဦးလျှင် သုံးဂါလံအထိ ဝယ်ယူခွင့်ရကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သည့်မြို့ခံများထံကသိရသည်။

“လိုချင်တဲ့ပမာဏထက်ပိုမရောင်းဘူးပေါ့။ တစ်ယောက်ကို သုံးဂါလံထက်ပိုလို့မရဘူးပေါ့။ဓာတ်ဆီဆို တစ်ဂါလံကို ၆၀၀၀ လောက်နဲ့ ဒီဇယ်ဆိုရင် ၉၀၀၀ လောက်ဖြစ်နေတာပေါ့။ ဆီလိုချင်ရင်ဖုန်းနဲ့ အရင်ပြောရတယ်။ မှောင်ခိုပုံစံပဲဝယ်လို့ရတယ်။ လူတိုင်းရောင်းတဲ့သဘောတော့မဟုတ်ဘူး”ဟု ကိုယ်တိုင်ဝယ်ယူခဲ့သည့် မြို့ခံဆိုင်ကယ်အငှားပြေးဆွဲသူတစ်ဦးကဆိုသည်။

အလားတူ ဝါးခယ်မမြို့တွင်း၌ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တိုင်းဒေသအတွင်း ရေကြီးမှုဖြစ်ပေါ်နေသည်ဟုဆိုကာ မြို့တွင်းရှိကောင်းထက်နှင့်ရွှေဗျိုင်းဖြူ စသည့်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ 92 အမျိုးအစားတစ်ဂါလံလျှင် ၆၀၀၀ ကျပ် ၊ 95အမျိုးအစားတစ်ဂါလံ ၇၅၀၀ ကျပ် နှင့် ဒီဇယ်ပရီမီယမ် တစ်ဂါလံလျှင် ၁၂၀၀၀ ကျပ်အထိ စျေးပေါက်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။

ပုံစာ- ပြီးခဲ့သည့် မေလအတွင်း ဝါးခယ်မမြို့တွင်းရှိစက်သုံးဆီဆိုင်တချို့ကို စစ်ကောင်စီတပ်ဖွဲ့မှလိုက်လံစစ်ဆေးနေစဉ်။

ဓာတ်ပုံ-စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန(MOI)

#ဝါးခယ်မ #စက်သုံးဆီဆိုင် #ဆီပြတ်တောက်နေ #မှောင်ခိုရောင်းချနေ #Ayeyarwaddy_Times