ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခု သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးတပ် – ဟားခါးက ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တပ်အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် ဟားခါးနှင့် သီးမြစ်ချောင်းကြားက စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ သြဂုတ်လ ၁၂ ရက် မနက် ၆နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ပြီး မနက် ၇နာရီဝန်းကျင်တွင် စခန်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“စခန်းတိုက်တော့ ပစ်ခတ်မူ တစ်နာရီအကြာမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က အထိခိုက်အကျဆုံးမရှိဘူး။ စစ်ကောင်စီဘက်က သေဆုံးတဲ့အလောင်း ၁၀လောင်းတွေ့ရှိထားတယ်။ ကျန်တာက ဒဏ်ရာတွေနဲ့ထွက်ပြေးကြတယ်”ဟု ရှေ့တန်းရောက် CNA ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီထံက ၆၀ မမ စိန်ပြောင်းတစ်လက်၊ MA -နှစ်လက်၊ MA -2 လေးလက်၊ MA-3 လက်၊MA-4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်ဘောက် ၂၅ခု၊ မိုင်းနှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင့် CDF-Hakha က ယင်းထုတ်ပြန်ပြောဆိုထားသည်။

ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဟားခါးဗျူဟားကုန်းအပါဝင် စစ်ကောင်စီ တပ်စွဲထားသည့် စခန်းနှင့် နေရာ ၂၀ကျော်အထက်ကျန်ရှိသေးကြောင်းသိရသည်။

#ဟားခါးမြို့ #စစ်ကောင်စီတပ်စခန်း #သိမ်းပိုက် #လက်နက်ခဲယမ်း
#Ayeyarwaddy_Times