ဧရာဝတီတိုင်းမ်
(မြောင်းမြ)၊ ဩဂုတ် ၁၃ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြအကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်း ဦးစီး ဝန်ထမ်းများနှင့် အပေါင်းအပါများက နိုင်ငံရေးအကျဉ်းသားများအပေါ် မတရားဖိနှိပ်ကာ ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

မြောင်းမြ ထောင်ရှိ နိုင်ကျဉ်းများအပေါ် ဖိနှိပ်ကာ ရိုက်နှက်မှုများ ပြုလုပ် နေသူများမှာ အိပ်ဆောင်-၃ ဒုထောင်တာဝန်ခံတင့်ဆွေ၊ အဆောင်မှူးစိုးရန်နိုင်၊ ကြီးကြပ်ရေးမှူးကျော်ဇေယျ နှင့် ၎င်းတို့ လက်ပါးစေ များဖြစ်ကြသည့် မုဒိန်းမှု၊ လူသတ်မှုနှင့် အကျဉ်းကျနေသည့် နှစ်ကြီး အကျဉ်းသား မောင်အေး၊ ရဲသူအောင်(ဆေးမှု)၊ တုတ်ပေါ (ဆေးမှု) ဆိုသူတို့ဖြစ် ကြောင်းလည်း သိရသည်။

“ဒါမျိုး လုပ်နေတာတော့ တစ်နှစ်ဝန်းကျင်ရှိပြီလို့သိရတယ်ခင်ဗျ။ အပြင်ကို သတင်းထွက်မယ်လုပ်လိုက် ခဏရပ်လိုက်နဲ့ သူတို့က သေချာစီစဉ်ပြီးလုပ်နေတာခင်ဗျ” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြောင်းမြထောင်တွင် ထောင်အာဏာပိုင်များ၏ လက်ပါးစေများက နိုင်ကျဉ်းများထံမှ ပုံစံကြေး ငါးသောင်း ကောက်ခံကာ မပေးနိုင်သူများကို ရိုက်နှက်ခြင်း၊ အလုပ်များခိုင်းခြင်းများ ပြုလုပ်နေ သည့်အပြင် အိပ်ဆောင်မှူး၊ ထောင်ပိုင်လေး၊ ထောင်မှူးကြီးတို့အတွက် ကွမ်းဖိုး၊ ဆေးဖိုး များပါ ပေးဆောင်နေရပြီး အခန်းကုန်ကျစားရိတ်များကိုလည်း ပေးနေရကြောင်း သိရသည်။

ထို့အပြင် မူးယစ် သောက်စားကာ နိုင်ကျဉ်းများကို ဆဲဆိုခြင်း၊ အကျဉ်းသားတိုင်း ရပိုင်ခွင့်ရှိသည့် ပုံစံအင်္ကျီနှင့် ပုံစံပုဆိုးအား လုံလောက်စွာပေးခြင်း မရှိဘဲ ၎င်းတို့အထက် အရာရှိ ညွှန်မှူးများ လာချိန်မှသာ ထုတ်ပေးပြီး ပြန်သွားချိန်တွင် ပြန်လည်သိမ်းဆည်း၍ ပုံစံဖိနပ်များကိုလည်း လူအယာက် ၅၀ နီးပါးရှိသည့် အခန်းတစ်ခန်း အတွက် ဖိနပ် ခုနစ် ရံသာ ပေးထား ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းထားသည့် သုံးနှစ်တာကာလအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အရေအတွက် ၂၀၇၄၀ ဦးရှိပြီး ၉၃၂၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ ကြောင်း AAPP က ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#မြောင်းမြ #နိုင်ကျဉ်း #ဖိနှိပ်ခံရ #ထောင်အာဏာပိုင် #စစ်ကောင်စီ #Ayeyarwaddy_Times