ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် အထူးစစ်ဆင်နွှဲနေချိန်တွင် မြင်းခြံရှိသဘာဝဓာတ်အားပေး စက်ရုံနှစ်ရုံမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့အတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း ( YESC) က ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်လုပ်ငန်းဖြစ်သည့် စင်ကာပူအခြေစိုက် Sembcorp သဘာ၀ ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) နှင့် ဟောင်ကောင်အခြေစိုက် V- Power သဘာ၀ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ) တို့သည် ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင် ဓာတ်အားပေးစက်များအရေးပေါ်ရပ်တန့်ခဲ့ရကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ မြင်းခြံ (၂၂၅) မဂ္ဂါဝပ်စက်ရုံကို နယ်မြေမတည်ငြိမ်မှုများကြောင့် ယာယီရပ်ဆိုင်းကြောင်း Bangkok Post တွင် ဖော်ပြထားသည်။

အဆိုပါစက်ရုံကို အရပ်သား အစိုးရ NLD လက်ထက် ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်အခြေစိုက် V- Power သည် မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ ရင်းနှီးမြုပ်နှံနေသည့် ကုမ္ပဏီဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ တင်ဒါ ခေါ်ယူရာတွင် လုပ်ပိုင်ခွင့်အများဆုံးရရှိထားသော ကုမ္ပဏီဖြစ်သည်။

အဆိုပါဓာတ်အားပေးစက်များမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျှက်ရှိကြောင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲ၀န်အားထက် လျော့ချ၍ ဓာတ်အားဖြန့် ဖြူးပေးခြင်းနှင့် စက်မှုဇုန်များကို ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူး ပေးနေကြောင်း YESC က ထုတ်ပြန်သည်။

အဆိုပါဓာတ်အား ပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှုမရှိချိန် ကာလအတွင်း ဓာတ်အား စနစ် တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ၀န်အားထိန်းညှိ‌မှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များသည် မြင်းခြံ – နွားထိုးကြီး – တောင်သာမြို့တစ်လျှောက်တွင် စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူလျှက်ရှိသည်။

ထို့ပြင် “မြင်းခြံခရိုင်အထူး စစ်ဆင်ရေး”ဟုဆိုကာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်စခန်း လေးခုကို သြဂုတ် ၁၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့‌ကြောင်း သိရသည်။

ဓာတ်ပုံ – MOI

#မြင်းခြံ #သဘာဝဓာတ်အားပေးစက်ရုံ #လျှပ်စစ်ထုတ်လုပ်မှုရပ်ဆိုင်း #Ayeyarwaddy_Times