ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၃ ရက်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရန်နှင့် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် အမျိုးသမီးသံတမန် နှစ် ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

မစ္စမာကျားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး မစ္စကောင်းဖျင် သည် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

မစ္စမာကျားသည် ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ရန် အတွက် ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။

မစ္စမာကျားသည် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ မြောက်အိုင်ယာလန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ သံရုံးများတွင်လည်း သံတမန်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

မစ္စမာကျားသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် စန်းရမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်အထိ အိန္ဒိယနိုင်ငံ တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့အတူ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်သည်လည်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ၎င်း၏ ခန့်အပ်လွှာကို စစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မစ္စ မာကျား နှင့် မစ္စ ကောင်းဖျင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် နှင့် ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်း နေရာတွင် ပြောင်းလဲတာဝန်ယူမည့် တရုတ်နိုင်ငံက စေလွှတ်သည့် အမျိုးသမီး သံတမန်များဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံမှ စေလွှတ်သည့် သံတမန် အမျိုးသမီးနှစ်ဦး မြန်မာနိုင်ငံသို မလာရောက်မီ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့က တရုတ်နိုင်ငံ၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေဆုံခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည်လည်း ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိ/မရှိ ကိုမူ သေချာစွာ သိရှိရခြင်းမရှိပေ။

#တရုတ်နိုင်ငံ #မြန်မာနိုင်ငံ #သံအမတ်ကြီး #ကောင်စစ်ဝန်ချုပ် #အမျိုးသမီး၂ဦးစေလွှတ် #Ayeyarwaddy_Times