မြန်မာစစ်ကောင်စီ ပြိုလဲစေမယ့် တော်လှန်‌ရေးအဖွဲ့တွေရဲ့ စစ်ရေးအောင်ပွဲများ (၂)
(ဘာသာပြန်ဆောင်းပါး)

ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

အကန့်အသတ်ရှိသော တရုတ်ဩဇာ“စစ်ဆင်ရေး ၁၀၂၇” ဒုတိယလှိုင်းမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ PDF တွေရဲ့ အခန်းကဏ္ဍ ထင်ရှား နေသလို တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးနိုင်မှုလည်း သိသိသာသာ ကျဆင်းလာပါတယ်။

ဒီနှစ်ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ သဘောတူခဲ့ကြတဲ့ ဟိုင်ဂင်အပစ်အခတ်ရပ်စဲရေးသ ဘောတူညီချက် ကျိုးပျက်သွားပြီးနောက် အလားတူ သဘောတူညီချက်တွေ ပေါ်ထွက်လာဖို့ အကြိမ် ကြိမ် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်ညီနောင် သုံးဖွဲ့စလုံးက တရုတ်နဲ့ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးမှ အကျိုးအမြတ် ကိုယ်စီ ရှိနေခဲ့ကြတာမို့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထောက်ထားနေ ကြရပါတယ်။

တချိန်တည်းမှာပဲ အဆိုပါသုံးဖွဲ့စလုံးက ကိုယ့်ဒေသ လွတ်မြောက်ရေးထက် စစ်အာဏာရှင်စနစ် အဆုံး သတ်နိုင်စေမယ့် ဗမာတွေရဲ့ ကြိုးပမ်းမှုတွေကို ထောက်ပံ့လာကြပါတယ်။
တရုတ်နိုင်ငံကတော့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတာ သံသယရှိ စရာမလိုပါဘူး။ ပျော့ညံ့သော၊ အရည်အချင်းမရှိသော မင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခု နှစ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ တရုတ်အစိုးရရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ရေရှည်စီမံကိန်း တွေ တစစီ ဖျက်ဆီးခံလိုက်ရတာပါ။

တချိန်တည်းမှာပဲ စစ်ကောင်စီ မြန်မြန်ဆန်ဆန် ပြိုလဲသွားစေဖို့ တရုတ်နိုင်ငံက ဆန္ဒမရှိပါဘူး။ မြန်မာ နိုင်ငံ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကမောက်ကမတွေ ဖြစ်ကုန်မှာကို တရုတ်နိုင်ငံက စိုးရိမ်နေသလို အ နောက်အုပ်စုနဲ့ နီးစပ်တယ်လို့ ရှုမြင်ထားတဲ့ NUG အစိုးရ တက်လာမှာကိုလည်း မလိုလားပါဘူး။

အကျိုးဆက်အနေနဲ့ မဟာမိတ်ညီနောင်သုံးဖော်နဲ့ PDF တပ်ဖွဲ့တွေက တဖက်၊ ပြိုလဲသွားမယ့် အ ရိပ်အယောင်တွေ ပြလာတဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဉီးဆောင်တဲ့ စစ်ကောင်စီကြားမှာ တရုတ် အစိုးရ ကြားညှပ်ပုံပေါ်နေပါတယ်။ တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ကူညီရင်း မြန်မာနိုင်ငံက ကာလ ရှည်ကြာ နိုင်ငံရေးနဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရမယ့် အန္တရာယ်လည်း ကြုံနေရပါပြီ။

အာဏာသိမ်းပြီးနောက်ပိုင်း ဘေးထွက်ထိုင်နေခဲ့တဲ့ တရုတ်ဩဇာယိမ်း အင်အား ၃၀၀၀၀ ကျော်ရှိရာ ဝလက်နက်ကိုင်တပ်ဖွဲ့ UWSA က မြန်မာ့အရေးမှာ ရုတ်တရတ် ဝင်ပါလာခဲ့ခြင်းက “စစ်ဆင်ရေး ၁၀၂၇” ဒုတိယလှိုင်းရဲ့ အရေးပါဆုံး တတိယအပြောင်းအလဲကြီး ဖြစ်လာပါတယ်။

မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ၃၅ နှစ်တာ ကာလအတွင်း ကြွယ်ဝချမ်းသာ၊ အင်အား တောင့်တင်းလာခဲ့တဲ့ တချိန်က အနှိမ်ခံ ဝလူမျိုးတွေ သံလွင်မြစ်အရှေ့ခြမ်း တောင်ပေါ်ကနေ ပြန်လည် ပေါ်ထွက်လာတာဟာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့အလယ်ပိုင်းက နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေကို ပြန် လည်ပုံဖော်ဖို့ ဖြစ်ပါတယ်။

UWSA ရဲ့ အင်အားတိုးချဲ့မှုကြောင့် လက်တွေ့မြေပြင်အခြေမှာ ပထဝီနိုင်ငံရေးအရ အပြောင်းအလဲနှစ်ခု ပေါ်ထွက်လာပါတယ်။ ပထမအချက်အနေနဲ့ UWSA နဲ့ SSPP မဟာမိတ်ပူးပေါင်းမှုက ရှမ်းပြည်နယ် အ လယ်ပိုင်းနဲ့တောင်ပိုင်းကို လွှမ်းမိုးနိုင်တာဟာ SSPP ရဲ့ ကာလ ရှည်ကြာ ပြိုင်ဖက်ကြီး RCSS အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိလာပါလိမ့်မယ်။

စစ်ရေးခေါင်းဆောင်တဖြစ်လဲ စီးပွားရေးသမားလည်းဖြစ်သူ ရွက်ဆစ်ဦးဆောင်တဲ့ RCSS က စစ်ရေး ဆက်တိုက် ရှုံးနိမ့်ပြီး အားနည်းလာတာကြောင့် ထိုင်းနယ်စပ်က ခြေကုပ်စခန်းတွေဆီ ပြန်ဆုတ်ခွာရမယ့် အခြေအနေ ရင်ဆိုင်နေရပါပြီ။

ဒီလို ဆုတ်ခွာသွားခဲ့ရင် ရှမ်းပြည်နယ် အလယ်ပိုင်းနဲ့တောင်ပိုင်းမှာ UWSA နဲ့ SSPP တို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မဟာမိတ်ညီနောင်အဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ ရှိနေပါလိမ့်မယ်။

ဒုတိယအချက်ကလည်း ပထမအချက်နဲ့ အတော်လေး ဆက်စပ်နေပါတယ်။ တန့်ယန်းဖြစ်စဉ်မှာ မြန် မာစစ်တပ်ရဲ့ အားနည်းချက်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပြီး ဒီအတွက် နောက်ဆက်တွဲတွေ ထပ်ရှိလာနိုင်ပါတယ်။

လာမယ့်လတွေအတွင်း မြန်မာပြည်အလယ်ပိုင်းမှာ မြန်မာစစ်တပ်က ပိုပြီး ဖိအားတွေ ကြုံရနိုင်တာမို့ တန့်ယန်းနည်းတူ တြိဂံတိုင်းစစ်ဌာနချုပ်တည်ရှိရာ ကျိုင်းတုံနဲ့ ထိုင်းနယ်စပ်က တာချီလိတ်မြို့အပါအ ဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့တွေလည်း UWSA လက်ထဲ ရောက်သွားနိုင်ခြေရှိပါတယ်။

ဒီလိုဖြစ်နိုင်ချေက ဝတွေ ကာလရှည်ကြာမက်ခဲ့တဲ့ အိပ်မက်တွေ လက်တွေ့ ဖြစ်လာတဲ့သဘောပါ။ တ ရုတ်နယ်စပ်က ဝနယ်မြေနဲ့ ထိုင်းနယ်စပ်က စစ်ဒေသ ၁၇၁ ကို ပေါင်းစည်းကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန် ထူထောင်ဖို့ ဝတွေက ရည်မှန်းခဲ့ပါတယ်။
ဝနယ်မြေတွေ တဆက်တည်း ဖြစ်သွားခြင်းအားဖြင့် တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးအရ နီးနီးကပ်ကပ် ချိတ်ဆက်နိုင်မယ့် ဝပြည်သစ် ပေါ်ပေါက်လာပါလိမ့်မယ်။

Asia Times ပါ ဆောင်းပါးရှင် Anthony Davis ရဲ့ Surging rebel advances press for Myanmar regime collapse ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times