ဧရာဝတီတိုင်းမ်
(ဟားခါး)၊ဒီဇင်ဘာ ၄ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုအတွက် စစ်ဘေးရှောင်များ နှင့် ၎င်းတို့၏လက်အောက်ခံ Non-CDM ဝန်ထမ်းများ ကို ကြိုတင်မဲပေးရန် စေခိုင်းဖိအားပေးနေကြောင်း သိရသည်။
ဟားခါးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးမှုများ၊ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် မရှိဘဲ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ စစ်ဘေးရှောင်နှင့် Non CDM ဝန်ထမ်းတို့ကို ကြိုတင်မဲပေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“လဝက ရုံးနဲ့ မိခင်နှင့် ကလေးကျန်းမာရေးဌာတို့မှာ ဒီဇင်ဘာလ မတိုင်ခင်ကတည်းက ကြိုတင်မဲ ပေးခိုင်းတာပါ။ ကျွန်တော်တို့က ၂ ရက်နေ့မှာ သွားပေးတယ်။ အထူးသဖြင့် စစ်ဘေးရှောင်နဲ့ ဝန်းထမ်း တွေကို ကြိုတင်မဲတွေကို ပေးခိုင်းတာပါ” ဟု ပလက်ဝစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် ပလက်ဝ၊ ထန်တလန်၊ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ စသည့် မြို့နယ်များမှ စစ်ဘေးရှောင် သောင်းနှင့်ချီ နေထိုင်ပြီး စစ်ဘေးရှောင်တချို့သည် စစ်ကော်မရှင်တပ်၏ ဖိအားကြောင်း ကြိုတင်မဲပေးနေရခြင်းဖြစ်သည်။
“ဟားခါးမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကော်မရှင်ရဲ့ လစဥ် ထောက်ပံ့တဲ့ငွေယူတာရှိတယ်။ တချို့ ထောက်ပံ့တာတွေလည်းရှိတယ်။ အဲလိုယူတဲ့ခါ လဝကတွေ၊ ထွေအုပ်တွေ၊ စစ်သားတွေနဲ့ ကျွန်တော် တို့က ထိတွေဆက်ဆံမှုရှိတယ်။ အဲဒါကနေတစ်ဆင့် သူတို့ကို မဲပေးဖို့ပြောဆိုစည်းရုံး ဖိအားပေး တာရှိတယ်”ဟု ထန်တလန်စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့ရှိ မဲစာရင်းကပ်ထားသည့် နေရာများတွင် မြို့ပေါ်ရှိ လူဦးရေမည်မျှ ပါဝင်သည်ကို အသေးစိတ် မသိရသေးသော်လည်း စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် စစ်ကော်မရှင်သည် ပြီးခဲ့သည့် လများကတည်းက ဟားခါးမြို့တွင် ရဟတ်ယာဥ်များဖြင့် မဲပုံးများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို အကြိမ်ပေါင်းများစွာ သယ်ယူပို့ချနေကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဟားခါးမြို့နှင့် တီးတိန်မြို့တွင် စစ်ကော်မရှင် ဦးဆောင်သည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည်ဖြစ်ပြီး ဖလမ်း၊ တွန်းဇံ နှင့် ထန်တလန်မြို့တို့တွင် အပိုင်း (၂) ဖြင့် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသည့်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ရွေးကော်ပွဲကော်မရှင်က ကြေညာထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်