နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
နိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထောင်ကျခံနေရသော သတင်းသမားဦးရေ ၅၀ ကျော် ကျန်ရှိနေသေးပြီး လွတ်မြောက်လာသူ သတင်းသမားများကိုလည်း စစ်ကော်မရှင်က စောင့်ကြည့်နေကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)ထံမှ သိရသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် သတင်းသမားများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထောင်ကျနေပြီး ၎င်းတို့ ရွေးကောက်ပွဲအား မဲပေးနိုင်ရန် အကြောင်းပြချက်ဖြင့် ပြစ်ဒဏ်လွတ်ရက်စေ့ နိုင်/ကျဉ်းများကို ပြန်လည်လွှတ်ပေးနေရာ သတင်းသမားများလည်း ပါဝင်လာကြောင်း သိရသည်။
ယခုရက်အတွင်း အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထောင်ကျခံနေရသည့် နိုင်/ကျဉ်းများထဲတွင် သတင်းသမားများအနေဖြင့် လေးဦးကိုသာ လတ်တလော အတည်ပြုနိုင်သေးပြီး ကျန်သူများကိုမူ ဆက်သွယ်၍မရသေးကြာင်း IMJA ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ဆိုသည်။
“သတင်းသမားတွေကို လွှတ်ပေးလိုက်တိုင်းမှာ နောက်ကနေ ထပ်ကြပ်မကွာ စောင့်ကြည့်လေ့ရှိပါတယ်။ ဆိုလိုတာက ခြိမ်းခြောက်မှု အပြည့်ရှိနေပြီး အချိန်မရွေး ပုဒ်မတပ် ပြန်လည်ဖမ်းသွားနိုင်ပါတယ်။ အခုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို ပုဒ်မ ၅၀၅ မတပ်တော့ပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ယခုနောက်ပိုင်း သတင်းသမားများကို ဖမ်းဆီးရာ၌ အကြမ်းဖက် ပုဒ်မများဖြင့်သာ အမှုဖွင့်လျက်ရှိပြီး ခြိမ်းခြောက်မှုများ ပိုမိုတိုးလာသလို လက်ရှိစာရင်းများအရ မြန်မာသည် ကမ္ဘာပေါ်တွင် သတင်းသမားများ အများဆုံး ဖမ်းဆီးခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။
“လွတ်မြောက်လာတဲ့ သတင်းသမားတွေအတွက် ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း သတင်းသမားတွေရယ်လို့ လွှတ်ပေးတာ မဟုတ်ပါဘူး။ စစ်ကော်မရှင်ရဲ့ ဟန်ပြလုပ်ဆောင်ချက်အောက်မှာ ကံကောင်းထောက်မစွာ အကျုံးဝင်နေတဲ့သူ လွတ်မြောက်သွားတဲ့ သဘောပါပဲ” ဟု IMJA ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်၏ သတ်ဖြတ်မှုများကြောင့် သေဆုံးသွားရသော သတင်းသမား ခုနှစ်ဦးအထိ ရှိနေသည်ဟု အကြမ်းဖျင်း သိရှိထားရသလို မလွတ်မြောက်သေးသည့် သတင်းသမားများကိုလည်း အခြားသော မတရားသဖြင့် ဖမ်းဆီးခံရ နိုင်/ကျဉ်းများနည်းတူ ဖိနှိပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်ပေးသည့် သတင်းသမားများထဲတွင် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ BBC Media Action မှ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်၊ အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်နှင့် ကိုစောမင်းတို့ ပါဝင်လာကြောင်း သိရသည်။
ဓာတ်ပုံ-RFA