ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
စစ်ကော်မရှင်က မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအတုတွင် မဲခိုးရန်အတွက် သက်ကြီးပိုင်း မဲဆန္ဒရှင်များ၏ ကိုယ်ရေးအချက်အလက်များကို လိုက်လံကောက်ယူမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် (၄) ရပ်ကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သက်ကြီးပိုင်းမဲဆန္ဒ ရှင်များကို တရားမဝင်ရွေးကောက်ပွဲအတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်ပုံစံများ ဖြည့်သွင်း သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အချက်အလက်ဖောင်ပုံစံများမှာ ဖြည့်သွင်းမှုပြုလုပ်ပြီးသည်နှင့် ကြိုတင်မဲပေးသည့် ပုံစံပြုလုပ် ထားခြင်းဖြစ် ကြောင်း မဲစာရင်းလိုက်လံ ကောက်ယူသည့် သူများနှင့် နီးစပ်သူများထံမှ သိရသည်။
“ရန်ကုန်မှာတော့ တိတ်တိတ်လေးမဲခိုးနေတာမဟုတ်ဘဲ ဒဲ့မဲခိုးနေတာကို တွေ့ရှိနေရပြီ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်လာသော်လည်း မဲစာရင်းကြည့်ရှုစစ်ဆေးသူ မရှိသည့်အတွက် ရန်ကုန်မြို့ရှိ မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက မဲစာရင်းစာရွက်ကိုင်ကာ အိမ်ပေါက်စေ့ လိုက်လံစစ်ဆေးပေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်မြို့နယ်တွင်လည်း မဲစာရင်းမစစ်သူများကို မဲမပေးပါက ဒဏ်ကြေး ဆောင်ရမည် ဟု အုပ်ချုပ်သူများက လူထုနှင့် အနီးကပ်ဆက်သွယ်နေသည့် ဆိုင်ကယ်ဘေးတွဲ ယာဉ်မောင်းများ၊ ဈေးဆိုင်များမှတစ်ဆင့် ခြိမ်းခြောက်စကားများ ဖြန့်ဝေခိုင်းထားကြောင်း သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ရွေးကောက်ပွဲအတုတွင် မဲမဖြစ်မနေရရှိရေးအတွက် အစိုးရဌာနဆိုင်ရာ များမှဝန်ထမ်းများကို ကြိုတင်မဲပေးခိုင်းခြင်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများထံမှကြိုတင် မဲကောက်ယူခြင်းများကို ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတုကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာမှ ဝန်ကြီးများအပါ အဝင် စစ်အရာရှိ အများအပြားကို စစ်တပ်မှ ထိပ်ပိုင်းဆိုင်ရာ အရာရှိများနှင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စေခိုင်းထားသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် စစ်ဖက်မှ အနားယူ၍ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ဘူးလက်လှဆွေ၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီကဲ့ သို့ စစ်တပ်အရာရှိဟောင်းများအပြင် အာဏာသိမ်းပြီးနောက် ရာထူးကြီးများတွင် ခန့်အပ်ထားသည့် စစ်အရာရှိကြီးများပါ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပုံစာ- ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများ မဲပေးနိုင်ရေးအတွက်ဟုဆိုကာ မှတ်ပုံတင် ပြုလုပ်ပေးရန်ပြင်ဆင်နေစဉ်၊