နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် ပြုလုပ်မည့် ၎င်းတို့၏ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ခုခံဆန့်ကျင် တော်လှန်နေသည့် အင်အားစုများ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာမည်ဟု ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သော ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် လက်ရှိ ၎င်းတို့ကို ဆန့်ကျင်နေသူတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နေကြတာဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က စွပ်စွဲ ပြောဆို သည်။

အလားတူ၊ နိုင်ငံရေးဖြစ်စဉ် အကြောင်းတရားများကို လက်ညှိုးထိုးကာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့မှာ ရှိထားပြီးသား ကတိကဝတ်များအား ချိုးဖောက်၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

ထို့ပြင် တော်လှန်ရေး အင်အားစုများ၏ လုပ်ဆောင်ချက်များကို တားဆီးကာကွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် လက်တွဲကာ ကျရာကဏ္ဍ အသီးသီးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက် ရေးအား ရည်မှန်းချက်တူကြလျှင် ပြည်ထောင်စုအကျိုးကို ရှေးရှု၍ PDF အပါအဝင် လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ကော်မရှင်က ပြုလုပ်သွားမည့် ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် နိုင်ငံရေးထွက်ပေါက် ရရှိစေရန် ရည်ရွယ်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူနှင့် တော်လှန်ရေး အင်အားစုများအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှလည်း ယင်းရွေးကောက်ပွဲကို လက်ခံခြင်းမရှိဘဲ အတုအယောင် အဖြစ် သတ်မှတ်ကာ ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-MOI