ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေး လှည့်လည်နေစဉ် လက်သုံးချောင်းထောင်ပြသည့် ကလေးငယ်ကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ မခင်မြတ်ကျော်တို့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ဒါးကကျေးရွာအုပ်စုရှိ ကလေးငယ်ကို ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်ကဖမ်းဆီးခဲ့ကာ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ယခု ဒီဇင်ဘာလ အတွင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ကလေးကပြန်လွတ်လာပါပီ။ ပါးတွေကိုလည်းရိုက်တယ်၊ခြေထောက်နဲ့ လည်းကန်တယ်၊ ပြီးတော့ကျာပွတ်နဲ့ရိုက်တယ်လို့ သိရတယ်။ ဝိုင်းပီးတောင်းပန်လို့ ပြန်လွှတ်ပေးလိုက်တာလို့ သိရတယ်။ ကလေးက အသက်မပြည့်တဲ့အပြင် ကျန်းမာရေးလဲ မကောင်းပါဘူး”ဟု ကန်ကြီးထောင့်မြို့ရှိ စစ်ကော်မရှင်တပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်သုံးချောင်းထောင်ပြသည့် ကလေးငယ်မှာ အသက် ၁၄ နှစ်သာရှိပြီး အသက်မပြည့်သေးသည့်အပြင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။
အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖမ်းဆီးရိုက်နှက်ခိုင်းသည့် အုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ မခင်မြတ်ကျော်မှာ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်း မဲလာမထည့်သည့် နေ့အိမ်ကိုလည်း စစ်ကော်မရှင်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်လျှက်ရှိသည်ဟု ဒေသခံများကပြောသည်။
ထို့အပြင် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ကူညီရေးနှင့် မဲထည့်ရန် ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ ဒေသခံပြည်သူများကို အုပ်ရေးမှူးနှင့်အဖွဲ့များ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ ပျူစောထီးများ၊ စစ်ကော်မရှင်တပ်များက စည်းရုံးလှုံ့ဆော်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖမ်းဆီးရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေးမှူး၏ အစ်မ မခင်မြတ်ကျော်