
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ယခုရက်ပိုင်း အတွင်း လာရောက်မည်ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိ/မရှိ မသေချာသေးကြောင်း နီးစပ်သူ အသိုင်းအဝိုင်းထံက သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ် ၁၆ ရက်တွင် ကျင်းပသွားမည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် တက်ရောက်ရန်ရှိကြောင်း သိရသည်။
ထို့အပြင် ၎င်းသည် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား အလွတ်သဘော ဆွေးနွေးမှုကိုလည်း တက်ရောက်မည်ဖြစ်သလို သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန်ရှိ/မရှိကိုမူ သေချာစွာ မသိရသေးသလို စစ်ခေါင်းဆောင်သည်လည်း လက်ရှိတွင် ပုဂံ-ညောင်ဦးဘက်သို့ ရောက်ရှိနေပြီး ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း တပ်တွင်းသတင်း အရင်းအမြစ်များထံက သိရသည်။
“ဝမ်ယိကို ဒီတစ်ခါ မတွေ့ရင်တော့ မင်းအောင်လှိုင်အနေနဲ့ တော်တော်လေး မှားသွားလိမ့်မယ် ထင်တယ်။ ဒီတစ်ခါလာလို့မှ မတွေ့ရင်တော့ ဟိုက အကြောင်းပြတော့မှာ၊ နေပြည်တော်အထိ ထိုးစစ်တွေ ပိုပြင်းလာမယ်” ဟု စစ်သတင်းများ စောင့်ကြည့်သုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် (၇) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံနှင့် ပူးတွဲဥက္ကဋ္ဌယူ၍ ရှေးဟောင်းမြို့တော် ပုဂံမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့ အထိ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။
တရုတ်နိုင်ငံက ဦးဆောင်ထူထောင်ခဲ့သည့် LMC အစီအစဉ်ကို မဲခေါင်မြစ်ဝှမ်း နိုင်ငံ ငါးနိုင်ငံဖြစ်သော လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ်တွင်မူ မြန်မာနိုင်ငံက LMC အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြောင်း သိရသည်။
“တရုတ်က တကယ်တမ်း ကူညီချင်တယ်ဆိုရင် မဟာမိတ်သုံးဖွဲ့ရဲ့ တိုက်စစ်တွေကို အရှိန်လျော့ခိုင်းလို့ ရတယ်။ ဒါပေမယ့် အရှိန်မလျော့ဘူး ထပ်သိမ်းဦးမှာ။ မင်းအောင်လှိုင်အနေနဲ့က တရုတ်ရဲ့စကားကို နားမထောင်ဘူးဆိုရင် သွားမှာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ထိုစဉ်က စစ်ကောင်စီသည် မြန်မာတွင် ကျင်းပမည့် LMC ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်အား ဖိတ်ကြားခဲ့သော်လည်း တရုတ်အနေဖြင့် အကြောင်းမပြန်၊ ငြင်းဆန်ခဲ့ကာ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဝမ်ယိသာ လာရောက်ခဲ့ကြောင်း သိရသည်။
ယင်း (၇) ကြိမ်မြောက် LMC နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေသည့် နေ့ရက်များတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်း ပုသိမ်မြို့ကို သွားရောက်နေခဲ့ ကြောင်း သိရသည်။
ထိုသို့သွားရောက်မှုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မတွေ့ချင်သည့်အတွက် အရေး ကြီးကိစ္စ တစ်စုံတစ်ရာမရှိသော ပုသိမ်မြို့ခရီးစဉ်ကို စီစဉ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှောင်နေခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ပြောဆိုခဲ့ကြသည်။
#တရုတ်နိုင်ငံခြားရေးဝန်ကြီး #ဝမ်ယိ #နေပြည်တော် #လာရောက်မည် #Ayeyarwaddy_Times