ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

မန္တလေးတိုင်း၊ တောင်သာ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် စစ်ရေးပစ်မှတ်များကို ယနေ့ ဩဂုတ် ၁၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ PDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ PDF များသည် ယနေ့ နံနက် ၅ နာရီအချိန်ခန့်မှ စတင်၍ တောင်သာ မြို့ပေါ်ရှိ စစ်ကောင်စီ၏ ရဲစခန်းအပါအဝင် တပ်စွဲထားသည့် အမှတ် (၁၀) အထည်ချုပ်စက်ရုံ၊ တောင်သာ – မိတ္ထီလာလမ်းပိုင်းရှိ MOGE ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီးနှင့် ပျူစောထီးများ တပ်စွဲထားသည့် ဘုရားလှကျေး ရွာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ရေးအခြေအနေက ပြောလို့မရသေးပါဘူးဗျ။ လေကြောင်းကနေလည်း တိုက်ခံနေရတော့ စီးနင်းမှု အခြေ အနေတွေက မသိရသေးဘူး”ဟု ဒေသတော်လှန်ရေးအဖွဲ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်သာမြို့အထွက် စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဌာနလက်အောက် အမှတ် (၁၀) အထည်ချုပ် စက်ရုံကို တိုက်ခိုက်ခဲ့ရာ စက်ရုံမှာမီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက်ကတည်းက တိုက်ပွဲဖြစ်နေကြတာ။ ထွက်လည်းမကြည့်ရဲဘူး။ စက်ရုံကတော့ မီးလောင်သွား တယ်။ ၁၁ ‌နာရီကျော်လောက်မှာ လေယာဉ်တက်လာ ပြီး ဗုံးကြဲသွားတယ်။ ဘယ်တွေထိလို့ ထိမှန်းမသိရ သေးဘူး”ဟု တောင်သာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ မြင်းခြံမြို့ ခမရ-၁၅ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိပြီး လေကြောင်းမှ လည်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေ၍ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိကာ လူထိခိုက် သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

အလားတူ တောင်သာမြို့ရှိ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ခြောက် ဦး သေဆုံးပြီး ငါး ဦးပျောက်ဆုံးကာ လက်နက်ခဲယမ်းများ လည်းသိမ်းဆည်းရမိခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့ထံက သိရသည်။

ယမန်နေ့က နွားထိုးကြီးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ်ကတည်းက တောင်သာ မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိများ နှင့်ဝန်ထမ်းများမှာ ကြိုတင်ပြောင်းရွှေ့ သွားကြပြီး မြင်းခြံမြို့မှ စစ်ကူများလည်း ရောက်ရှိလာကြောင်း သိရသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များသည် “မြင်းခြံခရိုင်အထူး စစ်ဆင်ရေး”ဟုဆိုကာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်စခန်း လေး ခုကို သြဂုတ် ၁၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့‌ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ လက်နက် ၂၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းထံမှ သိရသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နွားထိုးကြီးမြို့ပေါ်ရှိ စစ်ကောင်စီ၏ အထိုင်တပ် စခန်းများကို သိမ်းယူထားနိုင်ပြီး စစ်ကူလာနိုင်မည့်လမ်းပိုင်းများကိုလည်း ဖြတ်တောက်ထားနိုင်ကြောင်း သိရသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းနှင့် မြင်းခြံ-တောင်သာလမ်းပိုင်းများကို အများ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များမှ မေတ္တာရပ်ခံကြောင်း ထုတ်ပြန် ထားသည်။

ပုံစာ – နွားထိုးကြီးမြို့ပေါ် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့များ
#မန္တလေး #တောင်သာ #စစ်ကောင်စီ #PDF #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times