
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ စစ်ကောင်စီရဲစခန်းနှင့် ကင်းစခန်းအချို့ကို ယမန်နေ့ ဩဂုတ် ၁၁ရက်နေ့ ညနေ ၅နာရီခန့်တွင် အာရက္ခတပ်တော် (AA) က ဒရုန်းသုံး၍ ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
AA သည် ယနေ့ ဩဂုတ် ၁၂ရက်နေ့ နံနက်ပိုင်းအထိ ကျိန္တလီ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အပြင်းအထန်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်ကာ နေအိမ်အချို့မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က ဂွမြို့နယ် ချင်းကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့များ နောက်ဆုတ်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် ဂွမြို့သို့ စစ်ရေးရောက်ရှိလာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကပင် ဧရာဝတီတိုင်းအတွင်းရှိ တပ်အချို့နှင့် အခြားမြို့နယ်များမှ စစ်သင်တန်းပေးထားသည့် ပြည်သူ့စစ် များကို လက်နက်တပ်ဆင်၍ အင်အားဖြည့်ထားကြောင်း သိရသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ-၅၆၂နှင့် ခမရ-၅၆၃တပ်ရင်းတို့ရှိပြီး အဆိုပါတပ်ရင်းများအတွင်းကို စစ်ကောင်စီက အင်အားတိုးချဲ့ကာ ခံစစ်ပြင်ထားကြောင်း သိရသည်။
ထို့အပြင် AA တပ်ဖွဲ့များ သံတွဲမှ ဂွမြို့နယ်သို့ ကူးလာမည်စိုး၍ သံတွဲ- ဂွ ဆက်သွယ်ထားသည့် တစ်ခုတည်းသော ချင်းကွင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည်။
#ဂွမြို့နယ် #ကျိန္တလီမြို့ #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times