ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် လာရောက်တိမ်းရှောင်နေသော ရခိုင်စစ်ဘေးရှောင် ၃ဦးကို ဧည့်စာရင်းတိုင်ကြားခြင်းမရှိဟု အကြောင်းပြကာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ကျုံပျော်မြို့နယ် တာသစ်ကြီးရပ်ကွက်တွင် လာရောက်တိမ်းရှောင်နေသော ရခိုင်ဒေသခံစစ်ဘေးရှောင်များကို ဧည့်စာရင်းတိုင်ကြားမှုမရှိဟုအကြောင်းပြကာဩဂုတ်လ ၉ ရက်နေ့ညပိုင်းက ခလရ ၃၆တပ် သို့ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံက သိရသည်။

“ တာသစ်ကြီးရပ်ကွက်မှာလာရှောင်တဲ့ ရခိုင်ဒေသခံတွေအဖမ်းခံရတယ်။ ဧည့်စာရင်းမတိုင်လို့ဆိုပြီးတော့လာဖမ်းသွားတာ။ ခလရ၃၆ က အရပ်ကားတွေသုံးပြီးတော့လာဖမ်းသွားတာတွေ့လိုက်ရတယ်။ ကားပေါ်ပါသွားတာအယေက်၃၀ ကျော်လောက်ရှိမယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် တာသစ်ကြီးကျေးရွာဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသည့် ရခိုင်ဒေသခံများမှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ ဒေသခံများဖြစ်ပြီးအသက်၂၀ နှစ်အရွယ်မှ အသက် ၄၀ နှစ်အရွယ်ကြား အမျိုးသား ၂၀ဦးနှင့် အသက် ၂၃ နှစ်အရွယ်မှအသက်၃၅နှစ်အရွယ်ကြားအမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၂ဦးကို ကျုံပျော်အခြေစိုက်ခလရ -၃၆ မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး တပ်အတွင်းတွင် စစ်ဆေးနေကြောင်းသိရသည်။

“သံတွဲက ဒေသခံတွေဖမ်းခံထားရတာဟုတ်တယ်။ လူငယ်နဲ့လူလတ်အရွယ်တွေ ပဲ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ဖမ်းခေါ်လာတာပေါ့။ အခုထိ တပ်တွင်းထဲက အချုပ်ခန်းထဲမှာစစ်ဆေးနေတုန်းပဲ။ ယောက်ကျားလေးတွေဆိုရင် ရိုက်စစ်ခံနေရတာရှိတယ်။ စရဖဘက်ကနေလုပ်နေတာ။ စစ်ဆေးတဲ့အချိန်ဆိုရင် အချုပ်ခန်းအနားကိုဘယ်သူမှလာလို့မရဘူးပေါ့။ အချင်းချင်းမယုံကြည်တဲ့သဘောပြောလို့ရတယ်”ဟု ခလရ-၃၆ နှင့်နီးစပ်သည့် တပ်
တွင်းသတင်းအရင်းအမြစ်ကဆိုသည်။

အလားတူ ငါးသိုင်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့်ဩဂုတ်လ၁၀ရက်နေ့ကလည်း ရခိုင်စစ်ဘေးရှောင်ဒေသခံ ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်မှဖမ်းဆီးကာ ကုန်းပြင်တပ်
စခန်းအတွင်း လက်ရှိအချိန်အထိ စစ်ဆေးနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံကသိရသည်။

#ကျုံပျော် #ရခိုင်စစ်ဘေးရှောင်၃၂ဦး #ဧည့်စာရင်း #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times