
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသူများသည် စစ်မှုမထမ်းဆောင်လိုပါက လူအစားထိုးပေးရန်အတွက် အုပ်ချုပ်ရေးမှူးများမှ စီစဉ်ပေးရာတွင် ကျပ်သိန်း ၂၀၀အထိ တောင်းယူနေကြောင်းသိရသည်။
မြောင်းမြမြို့နယ် လင်းဒိုင်းကန်ဗလာကျေးရွာ အုပ်စုတွင် စစ်မှုထမ်းရန်အတွက် လိုက်မည်သူမရှိသဖြင့် အုပ်ချုပ်ရေးမှူးမှ စီစဥ်သောသူအား စစ်သင်တန်းလွှတ်ရန်ကျေးရွာ လေးရွာမှ ကျပ်သိန်း၂၀၀ ကို စုပေါင်းပေးရကြောင်း သိရသည်။
” အုပ်ချုပ်ရေးမှူး ရွှေလင်းက သူ့ကျေးရွာအုပ်စုထဲက ရွာလေးရွာမှာ စစ်မှုထမ်းဥပဒေ အရ အသက်မှီသူတွေအကုန်လုံး ယောင်္ကျားလေးတစ်ယောက်ကိုတစ်သိန်းနှုန်းပေးရမယ်၊ သြဂုတ်လ ၁၂ရက်နေ့ကို သိန်း၂၀၀ အရပေးရမယ်လို့ ရာအိမ်မှူးတွေကတစ်ဆင့်အကြောင်းကြားထားတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
စစ်မှုထမ်းဥပဒေ မစတင်ခင်က သင်တန်း ဆင်းပြီးချိန်တွင် မိမိဒေသတွင်သာ လုံခြုံရေးတာ၀န်ထမ်းဆောင်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်ရှေ့တန်းများသို့ စေလွှတ်နေသည့်အတွက် မိဘများစိုးရိမ်ကာ ယခုကဲ့သို့ ငွေပေးကာ လူစားထိုးရန် အုပ်ချုပ်ရေးမှုးများက စီစဉ်ပေးနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဧပြီလကလည်း အရာတော်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ဆယ်ခဲ့သည့် စစ်သင်တန်းသားအသစ်များထဲတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ကြောင်းသိရပြီး မတရားဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သိရသည်။
#မြောင်းမြမြို့နယ် #စစ်မှုထမ်း #အစားထိုးရန် #တစ်ဦး #ကျပ်သိန်း၂၀၀
#Ayeyarwaddy_Times