
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
နိုင်ငံတစ်ဝန်းစစ်ရေးပြင်းထန်နေချိန်တွင် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်သို့ စစ်ဘေးရှောင်သူ များပြားလာကာ အိမ်၊ တိုက်ခန်းငှားရမ်းရာတွင် အိမ်ငှားရမ်းသူ၏ ကိုယ်ရေးအချက်အလက်ပေးရပြီး နိုင်ငံရေးနှင့် မပတ်သက်ရန်အပါအဝင် စစ်ကောင်စီ ပြုပြင်လိုက်သော အကြမ်းဖက်မှုဥပဒေပါ ပြဌာန်းချက်များ အတိုင်းလိုက်နာရမည်ဟု တင်းကျပ်ထား ကြောင်းသိရသည်။
အိမ်ငှားရမ်းရာ၌ ငှားရမ်းသည့် မြေနှင့်အဆောက်အဦးတွင် မူးယစ်ဆေးဝါးအစရှိသော ပစ္စည်းများကို သိုလှောင်ရောင်းချခြင်း၊ သုံးစွဲခြင်အပါအဝင် ဥပဒေနှင့်မလွတ်ကင်းသော နိုင်ငံရေးနှင့် ပတ်သက်သော စာရွက်စာတမ်းများ လက်နက်ကိရိယာများမထားရှိရ၊ မပြုလုပ်ရပါဟု ဝန်ခံကတိပြုရပြီး ပြုလုပ်ပါက အိမ်ငှားတာဝန်ဖြစ်သည်ဟု စာချုပ်ချုပ်ဆိုရကြောင်း စစ်ဘေးရှောင်အိမ်ငှားတစ်ဦးထံက သိရသည်။
” အချို့ရပ်ကွက်က အိမ်တွေမှာ ဗွီနိုင်းနဲ့ချိတ်ထားတာရှိတယ်။ နိုင်ငံရေးမလုပ်ရဘူး။ အကြမ်းဖက် အဖွဲ့အစည်းနဲ့မပတ်သက်ရဘူး။ လက်နက်တွေမထားရဘူးဆိုပြီးတော့ပါ။ အဲ့ဒီလိုပြုလုပ်သူတွေကို အိမ်မငှားဘူးဆိုတဲ့စာသားတွေပါ ရေးပြီး ချိတ်ထားတာ” ဟု ရန်ကုန်မြိုခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရန်ကုန်သို့ စစ်ရှောင်များ ပိုမိုများပြားလာချိန်၌ အိမ်ငှားရမ်းမည့်သူ၏ ကိုယ်ရေး ကိုယ်တာအချက် အလက်များ၊ နောက်ဆုံးရာဇဝတ်မှု ရှင်း၊ မရှင်း ကိုပါမေးမြန်းရကြောင်း လိုင်စင်ရ အိမ်ခြံမြေပွဲစားများထံက သိရသည်။
” အရင်တုန်းက အဲ့ဒီလို အချက်အလက်တွေမလိုဘူး။ အိမ်ငှားစာချုပ် ဒီအတိုင်းချုပ်လိုက်ရုံပဲ။ အခုက အာဏာ သိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးမလုပ်ရတို့ ၊ လက်နက်တွေမကိုင်ရ တို့ပါ ထည့်ချုပ်လာရတယ်။ တစ်ခုခုဖြစ်လို့အဖမ်းခံရရင် အိမ်ရှင်ရဲ့ အိမ်ကိုချိန်ပိတ်လိုက်တယ်။ သူတို့နဲ့သိတဲ့သူကို လမ်းကြောင်း ရှာပြီး ပြန်လိုက်လို့တော့ရတယ်။ မဟုတ်ရင်တော့ အိမ်အသိမ်းခံရမှာ” ဟု လိုင်စင်ရ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါအချက်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် ပါဝင်ပြီး လိုက်နာခြင်းမရှိပါက ပုဒ်မ ၅၂ နှင့် ၅၆ အရ နေအိမ်၊ အဆောက်အဦးများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူ၍ ထောင်ဒဏ် ၇ နှစ်အနည်းဆုံးကျခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
စစ်ကောင်စီ အာဏာသိမ်းထားပြီးနောက်ပိုင်း NLD ပါတီဝင်များ၏ နေအိမ်များ၊ ပြည်သူ့ဘက်တော်သား အနုပညာရှင်များနှင့် တော်လှန်ရေးတွင်ပါဝင်သည့် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် ချိပ်ပိတ် သိမ်းဆည်းမှုများ ပြုလုပ်လျှက်ရှိသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလအတွင်း ကာလအတွင်း ၂၀၂၄ ဧပြီ ၃၀ ရက်နေ့အထိ ပြည်သူ ၉၃၄ ဦးပိုင်ဆိုင်သည့် နေအိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၁၁၅၉ ခုကို စစ်ကောင်စီက မတရား ချိပ်ပိတ် သိမ်းဆည်းထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ဘေးရှောင် #အိမ်ငှားတင်းကျပ် #အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ #Ayeyarwaddy_Times