
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၂ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တကောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့ ဩဂုတ် ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် တကောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” တကောင်းသားတွေ အိမ်ပြန်ရပြီဗျ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တကောင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာအချို့ကို ဩဂုတ် ၁၁ ရက်နေ့ ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း လေးမျက်နှာဘုရားတွင် ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့က အပြင်းအထန်ခုခံနေသည့်ကြားမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု လေကြောင်းမှ ဗုံးကြဲမှုများကြောင့် ဒေသခံ သေဆုံးမှုများလည်းရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအစပ် ထီးချိုင့်မြို့နယ်တွင်ရှိသည့် တရုတ်ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။
တကောင်းမြို့သည် တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် ထင်ရှားသည့် မြို့ဟောင်းတစ်ခု ဖြစ်သည်။
#တကောင်းမြို့ #PDFများသိမ်းပိုက် #Ayeyarwaddy_Times