
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၁ ရက်
မြန်မာ – အိန္ဒိယ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်-ဇိုခေါသာရ် ကုန်သွယ်ရေးတံတားကို အိန္ဒိယဘက်က နှစ်ပတ်ကျော်ကြာထိ ဆက်လက်ပိတ်ထားသည့်အတွက် နှစ်နိုင်ငံနယ်စပ်တွင် အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေကြောင်း ဒေသခံများထံက သိရသည်။
မြန်မာပြည်ဘက်က ကွမ်းသီးခြောက်အပါဝင် အခြားကုန်ပစ္စည်းများ အခွန်မဆောင်ဘဲ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို တင်သွင်းသည်ဟုဆိုကာ ရိဒ် – ဇိုခေါသာရ် တံတားကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က အိန္ဒိယ ဗဟိုအစိုးရက အကန့်သတ်မရှိ ကုန်အဝင်/အထွက်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးတံတားမှ ကုန်ပစ္စည်း အဝင်/အထွက် ပိတ်သိမ်းလိုက်ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းများလည်း ယခင်ကထက် နှစ်ဆမြင့်တက်သွားကြောင်းသိရသည်။
“ကျွန်တော်တို့က မြန်မာပြည်က ငါးပိ၊ ဆား၊ ကြက်ဥ စတဲ့ စားသောက်ကုန်တွေကို အဓိက ဝယ်ယူစားသောက်နေကြတာပါ။ တံတား ပိတ်လိုက်ပြီးနောက် မြန်မာပြည်က စားသောက်ကုန်တွေ မရောက်တော့ဘူး။ အခုဆို ကုန်ပစ္စည်းတွေ ပြတ်လပ်သွားတဲ့ အခြေနေမျိုးမှာ ရှိနေပါတယ်။ ကုန်စျေးနှုန်းကလည်း တရှိန်ထိုးမြင့်တက်သွားတယ်”ဟု မီဇိုရမ်ပြည်နယ် ဇိုသာခေါရ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိဒ်-ဇိုခေါသာရ် နယ်စပ်တံတား မပိတ်ခင် မီဇိုရမ်ပြည်နယ်တွင် ကြက်ဥ တစ်လုံး (၅၀၀) ကျပ်မှ (၈၀၀)ကျပ်၊ ဆားတစ်ထုတ် (၁၀၀၀)ကျပ် မှ (၃၀၀၀) ကျပ်၊ မာမီခေါက်ဆွဲတစ်ထုပ်(အသေး) (၇၀၀)ကျပ် မှ (၁၃၀၀) ကျပ်၊ ဆန်ဒေး ကော်ဖီ တစ်
ထုပ်(အကြီး) (၆၀၀၀)ကျပ် မှ (၉၀၀၀) ကျပ်၊ ငပိတစ်ထုတ် (၁၀၀၀)ကျပ် မှ (၃၀၀၀)ကျပ်ထိ စျေးမြင့်တက်သွားကြောင်း သိရသည်။
ထို့အပြင် နယ်စပ်တံတားဂိတ် ပိတ်သိမ်းလိုက်သောကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံပြည်သူများသည် အလုပ်အကိုင်ရှားပါးသည့်အတွက် စားဝတ်နေရေး ကြပ်တည်းလာသည်ဟုဆိုသည်။
“တံတားဖွင့်တုန်းကဆို ကုန်တင်၊ ကုန်ချအလုပ်လုပ်လို့ရတယ်။ အလုပ်လည်းရှိတယ်။ အခု တံတားက ပိတ်လိုက်တယ်ဆိုတော့ အလုပ်ကမရှိတော့ဘူး ဖြစ်နေတယ်။ အလုပ်မရှိတော့ မိသားစုစားဝတ်နေရေး အခက်ကြုံတွေ့ရတယ်။ တံတားက ဘယ်ချိန်လောက် ပြန်ဖွင့်မလဲ မသိဘူး။”ဟု ရိဒ်ခေါဒါရ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်မှ လူအဝင်/အထွက် ခွင့်ပြုပေးထားသော်လည် အိန္ဒိယ ရိုင်ဖယ်တပ်များက နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်း သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ပြီး လုံခြံရေးလည်း တင်းကျပ်ထားကြောင်း သိရသည်။
#မြန်မာ #အိန္ဒိယ #အမှတ်၂နယ်စပ် #ကုန်သွယ်ရေးစခန်း #ဆက်လက် #ပိတ်ထား #ကုန်စျေးနှုန်းမြင့်တက်
#Ayeyarwaddy_Times