
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်စခန်းများကျ၍ ထွက်ပြေးလာသော စစ်ကောင်စီမိသားစု ၀င်များကို နေရာချထားပေးနေကြောင်းသိရှိရသည်။
“ဒီမနက်သိရတာတော့ လောက်ကိုင်နဲ့သံတွဲဘက်က စခန်းကျလို့ ပြေးလာတဲ့သူတွေ စစ်သားမိန်းမနဲ့ကလေးတွေ တစ်ရာလောက်ရှိတယ်လို့သိရတယ်။ သူတို့ဘ၀ကလဲ အရင်နေခဲ့တဲ့ တပ်လိုင်းခန်းကျတာနဲ့ နေရမဲ့ဘ၀တွေဖြစ်နေတော့ စစ်တပ်ထဲပဲပြန်ရောက်လာရတာထင်တယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သြဂုတ်လ ၁၀ရက်နေ့က လေ့ကျင့်ရေး ၆ အတွင်းသို့ စစ်ကောင်စီ FAWကား လေးစီးဖြင့် လာရောက်ပို့ဆောင်သွားခြင်းဖြစ်ပြီး တပ်တွင်း လိုင်းခန်းအလွတ်များတွင်နေရာချထားပေးကာ ကျေးရွာမှ လက်သမားတစ်ချို့ကိုဌားရမ်း၍ တန်းလျားအသစ်များဆောက်လုပ်နေကြောင်းတပ်တွင်းနီးစပ်သူတစ်ဦးမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကစတင်ပြီး ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ နှင့် စစ်ကောင်စီတပ်များ အနီးရှိ မရမ်းချောင်၊ ရွာသာယာ ၊ ရွှေမြင်တင်၊ ဝါးယားချောင်း စသည့်ကျေးရွာများ သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မိသားစု၀င်တစ်ချို့ ပြောင်းရွှေ့နေထိုင်မှုများ ပိုများလာကြောင်း ဒေသခံများထံမှသိရှိရသည်။
ဓာတ်ပုံ-လေ့ကျင့်ရေး(၆)တပ်တွင်းခန်းမကိုတွေ့ရပုံ
#ပုသိမ်မြို့လေ့ကျင့်ရေး၆ #စခန်းကျ၍ထွက်ပြေးလာ #စစ်ကောင်စီမိသားစုများ #နေရာချထားပေး #Ayeyarwaddy_Times