ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုအပြင် မြို့တွင်း ပြန့်ကြဲနေသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့တွင်း ပိတ်မိနေသည့် ပြည်သူသောင်းချီကို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

မောင်တော မြို့အတွင်းရှိ အချက်အခြာကျသည့် နေရာအများစုကို ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့တွင် AA က ထိန်းချုပ်လိုက်ပြီး တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံ ၁၂,၀၀၀ ကျော်ကို ကယ်ထုတ်၍ ဘေးလွတ်ရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့မှစ၍ ၉ ရက်နေ့အထိ မောင်တောမြို့အတွင်းရှိ ပန်းတောပြင်၊ ကညင်တန်း၊ ညောင်ချောင်း၊ ရွှေဇား၊ ဗိုလ်မှူးရွာ၊ ရပ်ကွက် (၁) ၊ (၂) နှင့် ရပ်ကွက် (၅) တို့မှ ဒေသခံမူဆလင်ပြည်သူ တစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ကယ်ထုတ် ထားကြောင်း သိရသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ နခခ (၅) မြို့သူကြီးနှင့် ခံစစ်အထပ်ထပ် ပြင်ဆင်ထားသည့် မြို့တွင်းတပ် စုစုပေါင်း နှစ် ခု သာ ကျန်ရှိတော့ပြီး အဆိုပါစစ်စခန်းနှစ်ခုကို AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဩဂုတ် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

AA က ယနေ့ နံနက်ပိုင်းတွင် မြို့၏အရေးပါသည့် နေရာများကို ဝင်ရောက်နေရာယူထားပြီး ရပ်ကွက် (၂) အောက်ရွာစသည့် ကျေးရွာများတွင် ပြန့်ကြဲရောက်ရှိ နေသညိ့ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့မကျစေရန် လေကြောင်းမှနေ၍ Y-12 လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး နတ်မြစ်နှင့် မောင်တော ကမ်းစပ်အနီး ရပ်တန့်ထားသည့် NAVY များမှနေ၍လည်း လက်နက် ကြီးများဖြင့် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ဒေသခံ မူဆလင်ပြည်သူများကို လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ မြို့အတွင်းရောနှောနေထိုင်နေသည့်အတွက် AA အနေဖြင့် ဒေသခံများကို အဓိကထား ကယ်ထုတ် နေရကြောင်း သိရ သည်။

ပုံစာ- ဩဂုတ် ၇ ရက်နေ့က မောင်တောရှိ ပိတ်မိမူဆလင်ပြည်သူများကို AA ကယ်ထုတ်လာစဉ်
#ရခိုင် #မောင်တောမြို့တွင်း #AAထိန်းချုပ် #ဒေသခံများ #ကယ်ထုတ် #Ayeyarwaddy_Times