
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှ ရခိုင်သို့အခြေခံစားသောက်ကုန်အချို့တင်ပို့ခွင့်ကို မြို့နယ်ထွေအုပ်နှင့်စစ်ကောင်စီတပ်မှ ပိတ်ပင်ထားကြောင်းသိရသည်။
ဂွ-ငါးသိုင်းချောင်း လမ်းမအနီး ဖြစ်ပွားနေသော တိုက်ပွဲကိုအကြောင်းပြ၍ ရေကြည်မြို့မှ ရခိုင်သို့ ပစ္စည်းတင်ပို့ခွင့်အပေါ် ပြီးခဲ့သည့် ဩဂုတ်လ ပထမအပတ်ကစပြီးမြို့နယ်ထွေအုပ်နှင့် စစ်ကောင်စီတပ်မှ ပိတ်ပင်လိုက်ကြောင်း မြို့တွင်းရှိစားသောက်ကုန် ရောင်းချသူများထံကသိရသည်။
“ ရခိုင်ဘက်ကို စားသောက်ကုန်တွေပို့ဖို့ကို အရင်အပတ်ကစပြီးတော့လုံးဝပို့ခွင့်မပေးတော့ဘူး။ ရေကြည်ကနေဂွကို ဘာကုန်ပို့ပို့ ဂွ-ငါးသိုင်းချောင်းလမ်း ဗေဒါစစ်ဆေးရေးဂိတ်အဝင်အထွက်ကနေပြန်လွှတ်ခံနေရတယ်။ လုံးဝကိုဖြတ်ခွင့်မပေးတော့တာ”ဟု ရေကြည်မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
အခြေခံစားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ခံရမှုတွင် ဆန်၊ဟင်းအသီးအရွက်၊ သကြား၊စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းတို့ပါဝင်နေကာ ရခိုင်သို့ကုန်စည်များတင်ပို့ရန် ကြိုးပမ်းသူများကို စစ်ကောင်စီလက်အောက်ရှိ မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့မှ ပို့ကုန်သွင်းဥပဒေပုဒ်မ (၅) နှင့်ပုဒ်မ(၆)ဖြင့်တရားစွဲဆို အရေးယူသွားမည်ဟုအကြောင်းကြားမှုများရှိနေကြောင်း ကုန်သည်များထံက သိရသည်။
“ အဓိက ဆန်နဲ့ စားသုံးဆီကိုလုံးဝပို့ခွင့်ပိတ်ခံရတာပေါ့။ သကြားတို့ဟင်းအသီးအရွက်တို့ မီးဖိုချောင်သုံးပစ္စည်းတွေလည်းပို့ခွင့်မရတော့ဘူး။ ရေထွက်ပစ္စည်းတွေကတော့ရခိုင်ကနေကုန်အဝင်တော့ရှိတယ်။ဒီဘက်နေကုန်စည်အထွက်လုပ်ခွင့်မပေးတဲ့သဘောပြောလို့ရတယ်”ဟု ရခိုင်သို့အခြေခံစားသောက်ကုန်တင်ပို့ရောင်းချသူ မြို့ခံကုန်သည်တစ်ဦးကဆိုသည်။
အလားတူပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်ကလည်းဧရာဝတီတိုင်းမှအခြေခံစားသောက်ကုန်များအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် အတွက် ငါးသိုင်းချောင်း-ဂွကားလမ်းမအသုံးပြုခွင့်ကို စစ်ကောင်စီတပ်မှယာယီပိတ်ပင်ခဲ့၍ သံတွဲ- ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုခဲ့ရကြောင်း မြို့ခံကုန်စည်ပို့ဆောင်သူများထံက သိရသည်။
ပုံစာ- ပြီးခဲ့သည့်ဇူလိုင်လအတွင်းငါးသိုင်းချောင်း-ဂွ ကားလမ်းမကြီးအားဖြတ်သန်းခွင့်ပိတ်ပင်ထား၍သံတွဲ- ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းအားအသုံးပြုကာဒေသခံများဖြတ်သန်းသွားလာနေရစဉ်။(ဓာတ်ပုံ- ပေးပို့)
#ရေကြည် #ရခိုင် #အခြေခံစားသောက်ကုန် #တင်ပို့ခွင့် #စစ်ကောင်စီပိတ်ပင် #Ayeyarwaddy_Times