ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဩဂုတ် ၁၁ ရက်)

အမျိုးသားတွေ ရင်သားဆူထွက်နေတဲ့ အခြေအနေကို ဆေးပညာအခေါ် “ဂိုင်နီဂိုမက်စ်တီးအား” (Gynecomastia) လို့ ခေါ်ပါတယ်။ ကြီးကြီးမားမားမရှိသင့်တဲ့ ရင်သားကြီးနေတာ၊ စူထွက်နေတာတွေ ဟာ ယောကျာ်း‌သားတွေအတွက် အဆင်မပြေဖြစ်ရပါတယ်။

🟥အမျိုးသား‌များ ရင်သားကြီးထွားခြင်း (Gynecomastia)

‌အမျိုးသားတွေရဲ့ ရင်သားဖွဲ့စည်းတဲ့ နို့ရည်ပြုဂလင်း ကြီးထွားလာပြီး ဆူထွက်လာတာဟာ ဆေးပညာ အရဆိုရင် ယောကျာ်းဟော်မုန်းနဲ့ မိန်းမဟော်မုန်း မမျှတတာကြောင့် ဖြစ်ရတာပါ။ ရင်သားတစ်ဖက် ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ကြီးလာတတ်ပါတယ်။

နို့ရည်ပြုဂလင်းပွားများတာမျိုးမရှိပါဘဲ အဝလွန်ပြီး အဆီတွေရင်သားမှာ စုတာကြောင့်လည်း ရင်သားကြီးလာတတ်ပါတယ်။ ဒါကိုတော့ “ဆူဒိုဂိုင်နီဂိုမက်စ်တီးအား” (Pseudogynecomastia) အယောင်ဆောင်ရင်သားကြီးခြင်းလို့ခေါ်ပါတယ်။ အဆီကြောင့်ဖြစ်ရတဲ့ ရင်သားကြီးခြင်းလို့ သတ်မှတ်ရမှာပါ။

မွေးကင်းစ ကလေးသူငယ်တွေ၊ လူပျိုဖော်ဝင်‌လူငယ် အမျိုးသားတွေ သဘာဝအလျောက် ဟော်မုန်း ပြောင်းလဲချိန်မှာ ရင်သားစူထွက်ခြင်း ဖြစ်နိုင်ပါတယ်။ သဘာဝကြောင့်မဟုတ်ဘဲ ရောဂါကြောင့် ရင်သားစူထွက်တာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အများအားဖြင့်ရင်သားစူထွက်ခြင်းက ပြဿနာ မရှိတတ်ပေမယ့်လည်း ဘယ်အမျိုးသားမှ ရင်သားစူထွက်နေတာကို မကြိုက်ကြပါဘူး။ ရှက်ကြပါ တယ်။

ဘယ်လိုပဲရင်သားကြီးတာပဲဖြစ်ဖြစ် ရင်သားပုံမှန်မဟုတ်ပါက ရင်သားကင်ဆာကို စိတ်ပူတတ်ကြ ပါတယ်။ ရင်သားကြီးတာကိုပျောက်သွားအောင် အဆီကျလေ့ကျင့်ခန်းတွေ၊ ရင်ဘက်ချပ်လေ့ကျင့်ခန်း တွေ လုပ်ကြပါတယ်။ အလိုအလျောက် ပျောက်မသွားခဲ့ရင်လည်း ဆေးသောက်ပြီး ကုသနိုင်သလို ခွဲစိတ်ပြီးလည်း ကုသနိုင်ပါတယ်။

ရင်သာကြီးလာတာနဲ့ အတူတူ နို့သီးခေါင်းကြီးထွားလာခြင်း၊ နို့ရည်ထွက်ခြင်း၊ နို့သီး‌ခေါင်းတဝိုက် နာကျင်ခြင်း၊ အလုံးအကျိတ်စမ်းမိခြင်း၊ အရေပြားအတွင်းကို ချိုင့်ဝင်ခြင်းတွေ ရှိလာပါက ဆေးစစ်ခြင်း၊ ဆရာဝန်ကိုပြသ၍ အကြံဉာဏ်ယူခြင်းတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။

ပါးချိတ်ရောင်ခြင်း၊ ဝှေးစေ့ထိခိုက်ဒဏ်ရာရခြင်း၊ အရက်သောက်ခြင်း၊ ဆေးဝါးသုံးစွဲခြင်းတွေကြောင့် ယောက်ကျားဟော်မုန်း ကျဆင်းခြင်းဖြစ်လာပြီး ရင်သားစူထွက်လာတာလဲဖြစ်နိုင်ပါတယ်။ အဖိုး၊ အဖေ၊ ဦးလေး၊ အစ်ကို မျိုးရိုးရင်သားစူပါကလည်း ဗီဇကြောင့် နို့စူတာဖြစ်လာတတ်ပါတယ်။

🟥ရှောင်ရမည့်ရင်သားကြီးစေသောဆေးဝါးများ

ယောကျာ်းဟော်မုန်းကို ကျဆင်းစေတဲ့ ဆေးဝါးတွေက ရင်သားကြီးလာစေပါတယ်။ ဆီးကျိတ်ကြီး ရောဂါ၊ ဆီးကျိတ်ကင်ဆာရောဂါကုသဆေးတွေ၊ သွေးတိုးရောဂါကုသဆေးတွေ၊ ခန္ဓာကိုယ်ဖွံ့ထွား စေဖို့သောက်ရတဲ့အားကစားသမားသုံးဆေးတွေ၊ HIV ကုသဆေးတွေနဲ့ ယောကျာ်းဟော်မုန်းတိုးဆေး တွေကလည်း ရင်သားကြီးထွားစေတတ်ပါတယ်။

စိတ်ရောဂါကုသဆေး၊ စိတ်ငြိမ်ဆေး၊ အကိုက်ခဲပျောက်ဆေး၊ ကင်ဆာကုဆေး၊ အစာအိမ်ဆေး၊ နှလုံးစည်းချက်မှန်ဆေး တွေကလည်း ရင်သားကိုကြီးထွားစေပါတယ်။

အပျော်သုံးဆေးဝါး(မူးယစ်ဆေးဝါး)၊ အရက်၊ ဆေးခြောက်၊ အဖက်တမင်း၊ ဘိန်း နဲ့ မူးယစ် ဆေးဝါး ဖြတ်ဆေး အချို့ကလည်း ရင်သားကြီးစေတဲ့ ဆိုးကျိုး‌တွေ ဖြစ်လာတတ်ပါတယ်။

🟥အမျိုးသားရင်သားကင်ဆာ

အမျိုးသား ရင်သားကင်ဆာဖြစ်တယ်ဆိုတာ ရှားပါးပါတယ်။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း သိပ်ကို ဆိုးရွားပါတယ်။ ရင်သားဆူထွက်သူအမျိုးသားများလည်း ကိုယ့်ကျန်းမာရေးကို စစ်ဆေးဖို့ အချိန်ပေး သင့်ပါတယ်။ သွေးဖောက် စစ်ဆေးခြင်း၊ ရင်သားဓာတ်မှန် (Mammogram)၊ ကွန်ပြူတာ ဓာတ်မှန် (CT-scan) ၊ သံလိုက်ပုံဖော်ဓာတ်မှန် (MRI-scan)၊ ဝှေးစေ့တယ်လီဗေးရှင်းဓာတ်မှန် (Testicular ultrasound) ရင်သားအသားစစစ်ဆေးခြင်း(Tissue biopsie) တွေသုံးပြီး စစ်ဆေးရှာဖွေနိုင်ပါတယ်။

အဆီပြင်ရင်သားမှာစုခြင်း၊ ရင်သားရောင်ရမ်းခြင်း၊ ရင်သားအဆီကျိတ်၊ ရင်သားကင်ဆာ စသည်ဖြင့် ရောဂါတွေကို ရှာဖွေနိုင်ပါတယ်။ အမျိုးသားရင်သား ကင်ဆာဖြစ်ပြီဆိုပါက ခွဲစိတ်ဖြတ်တောက် ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ပြကုသခြင်းတွေကို အချိန်မီကုသစေချင် ပါတယ်။

🟥ရင်သားကြီးခြင်းကိုကုသမှု

ရင်သားကြီးခြင်း အလို‌လျောက် ပျောက်သွားနိုင်ပါတယ်။ ပြန်သေးသွားနိုင်ပါတယ်။ ရင်ဘက်ပိုင်း ကြွက်သား‌တွေအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်းကလည်း သိတာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်စေပါတယ်။

ရင်သားကြီးစေတဲ့ဆေးဝါးတွေ‌ သောက်နေမိပါက ရပ်တန့်ပစ်ရပါမယ်။ အရက်ဖြတ်ရပါမယ်။ မူးယစ် ဆေးဝါးဖြတ်ရပါမယ်။ ရင်သားကင်ဆာကုသတဲ့ဆေးဝါးတွေပါ ညွှန်ကြားကုသရပါတယ်။ ဆေးဝါး ကုသမှု အဆင်မပြေပါက ရင်သားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားခွဲစိတ်ခြင်း (Liposuction) နှင့် ရင်သားဖယ်ရှားခွဲစိတ်ခြင်း (Mastectomy) နည်းလည်းနှစ်မျိုးနဲ့လည်း ကုသကြပါတယ်။

ရင်သားကြီးကြီးမားမားရှိခြင်း စူထွက်နေခြင်းကြောင့် စိတ်ညစ်နေသူ အမျိုးသားများလည်း ရောဂါအကြောင်းကို နားလည်သဘောပေါက်‌ပြီယူဆပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဘဝကို ရရှိကြပါ စေလို့ ဆုတောင်းပေးပါတယ်။

နောက်တစ်ပတ်မှာတော့ အရိုးကျီးပေါင်းတက်ခြင်းဝေဒနာအကြောင်းကို တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ရင်သားဖွံ့ထွားအမျိုးသား #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)