ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် ဇူလိူင်လ ၂၈ရက်နေ့က င၀န်မြစ်ရေ တိုးမြင့်လာမှုကြောင့် တာကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၁၀ရက်နေ့အထိ ရေများ၀င်ရောက်နေပြီးအကူအညီများလိုအပ်နေကြောင်းသိရသည်။

“တာကျိုးပေါက်သွားတဲ့နေ့က ရွာက အိမ်ရှစ်လုံးမျောပါသွားပါတယ်။ အကုန် အိမ်ခြေ၁၀၀ကျော် ရှိတာ အကုန်ဘုန်းကြီးကျောင်းပေါ်တက်နေကြတာ။ ဒီနေ့ထိ ဘာအကူအညီမှ မရကြပါဘူး။ လယ်တွေရေမြုပ်တော့အလုပ်လဲမရှိခုထိရေကမကျသေးတော့ ရေရှည်မှာဒုက္ခရောက်ကုန်ရော” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သစ်ဆိမ့်ကုန်းကျေးရွာနှင့် ဂွေးတောက်ကွင်းရွာ နှစ်ရွာကို ဆက်ထားသောတာသည် မြစ်ရေတိုးမှုကြောင့်ဇူလိူင်လ ၂၈ရက်နေ့ နံနက်(၆)နာရီခန့်တွင် ကျိုးပေါက်ကာ ရွာအတွင်းသို့ ရေများ၀င်ရောက်လာ​ကာ နေအိမ်များမျောပါသွားခဲ့ကြောင်းဒေသခံများကပြောသည်။

လက်ရှိတွင် သစ်ဆိမ့်ကုန်းကျေးရွာသည် တာကျိုးပေါက်မှုကြောင့် ရေဘေးသင့် မိသားစု ၄၀၀ ကျော်ခန့် ရက်ကြာလာသည့်နှင့်အမျှအစားအသောက်၊အမိုးအကာ ၊အဝတ်အထည်၊အကူအညီလိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့က စစ်ကောင်စီ ၏ တိုင်း၀န်ကြီးချုပ်ဆိုသူ ရောက်ရှိလာပြီးသာပေါင်းမြို့ပေါ် မြို့မမင်းကျောင်းဘုန်းကြီးကျောင်းရှိ ပြောင်းရွှေ့နေထိုင်သော လူဦးရေ ၅၀ခန့်ကိုသာစားသောက်ကုန်များ ပေးအပ်ခဲ့ပြီးနောက်ပိုင်း ယနေ့အထိ မည်သည့်အကူအညီမှ မရတော့​ကြောင်း ဒေသခံများကပြောသည်။

သာပေါင်းမြိုနယ်တွင် ဇူလိူင်လအတွင်း င၀န်မြစ်ရေ တိုးမှုကြောင့်ကျေးရွာ (၂၀)ထက်မနည်း ရေနစ်မြုပ်နေပြီး ဒေသခံများစား၀တ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

#သာပေါင်းမြို့နယ် #တာကျိုးပေါက် #ဒေသခံ #အကူအညီလိုအပ်
#Ayeyarwaddy_Times