
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
ရှမ်းမြောက်၊ သီပေါမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့တွင်းရှိစစ်ကောင်စီတပ်များ မြို့ပြင်တပ်ထံထွက်ပြေးသွားပြီး အကျဉ်းထောင်ဝန်ထမ်းများလည်းထွက်ပြေးသွားကြသည့်အတွက် အကျဉ်းသားများလွတ်မြောက် သွာကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် TNLA ၊ PDFတော်လှန်ရေးပူးပေါင်းတပ်များသည် ယနေ့ ဩဂုတ် ၁၀ ရက် နံနက်အစောပိုင်းမှစတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ သီပေါတံတားနှင့် စံဖိတ်မုခ်ဦးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာထွက်ပြေးပြီး မြို့ပြင်ရှိ ခလရ-၂၃ သို့ သွား ရောက်ပူးပေါင်းနေကြောင်း သိရသည်။
တော်လှန်ရေး ပူးပေါင်းတပ်များက မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာအများစုကို စီးနင်းထား နိုင်ပြီး မြို့ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“အခုတိုက်ပွဲက မြို့တွင်းထဲထိရောက်လို့ ညောင်ပင်ကုန်းကနေ သီပေါထောင်ကို ကျော်သွားပြီ။ ထောင်သားတွေ ထောင်ဖောက်ပြီး လွတ်ကုန်ကြတယ်။ ထောင်နားကို တိုက်ပွဲ မရောက်ခင်ကတည်းက အကျဉ်းဝန်ထမ်းတွေ အကုန်ပြေးကြတာ။ စစ်တပ်ကလည်း မြို့ထဲကနေအကုန် ကစဉ့်ကလျားပြေးသွားကြတာ။ လေယာဉ်ကတော့ ဝဲနေတုန်းပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ်တွင် သီပေါထောင်မှ အကျဉ်းဦးစီး နှင့်ထောင်ဝန်ထမ်းများ အကျဉ်းထောင်ကို စွန့်ခွာထွက် ပြေးသွားကြပြီး အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်ရှိ စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အကျဉ်းထောင်ပွင့်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ခလရ -၂၃ ထံ သွားရောက်ပူးပေါင်းပြီးချိန်တွင် အပြန် အလှန်ပစ်ခတ်သံများ ရပ်စဲသွားပြီး လေယာဉ်ဖြင့်သာ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များက သီပေါမြို့ကို ထက်ဝက်ကျော်စီးနင်းထားနိုင်ပြီး မြို့တွင်း၌ စစ်ကောင်စီတပ်များမရှိတော့ဘဲ တိုက်ပွဲအနည်းငယ် ငြိမ်သက်သွားကြောင်း သိရသည်။
#ရှမ်းမြောက် #သီပေါ #တိုက်ပွဲပြင်းထန် #အကျဉ်းထောင်ပွင့် #လွတ်မြောက် #Ayeyarwaddy_Times