ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

ရှမ်းမြောက်၊ သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး အကျဉ်းထောင်ပေါက်ကာ အကျဉ်းသားများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများသည် ယနေ့ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် သီပေါ အကျဉ်းထောင်အနီးအထိ ရောက်ရှိလာပြီး အကျဉ်းထောင်ဝန်ထမ်းတချို့ ထွက်ပြေးသွားသည့် အတွက် အကျဉ်းသားများ ထောင်ဖောက်ကာ ထွက်လာသည်ကို TNLA က ကယ်ထုတ်သွားကြောင်း သိရသည်။

“စာရင်းအတိအကျ မရောက်သေးဘူး။ နိုင်ငံရေးအကျဉ်းသားများတယ်လို့ သိထားတယ်။ စစ်ကိုင်း ဘက်က ဖမ်းခံထားရတဲ့သူတွေလည်းပါတယ်။ ထောင်ထဲနှိပ်စက်ခံထားရတာတွေလည်း ရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

TNLA က ကယ်ထုတ်လာသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ ၃၀ နီးပါးခန့်ပါဝင်ပြီး စစ်ကိုင်းဒေသမှ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံရသူများပါ ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအချို့တွင် စစ်ကောင်စီက ခြေသည်းခွံများချွတ်၍ သံချောင်းများစိုက်ကာ နှိပ်စက်ခံထားရသူများလည်း ပါဝင်ကြောင်း သိရသည်။

ကနဦးတွင် လွတ်မြောက်လာသူ အကျဉ်းသားဦးရေ ၁၀၀ ကျော်ဟုသတင်းရရှိထားသော်လည်း TNLA က အဆိုပါအကျဉ်းသားများကို နိုင်ငံ ရေးအကျဉ်းသားများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများထံ ချိတ်ဆက်၍ လွှဲအပ်သွားမည်ဖြစ်ပြီး အကျဉ်းသား အရေအတွက် အတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်သည် ထွက်ခွာခွင့်ကို TNLA ထံမှ တောင်းနေပြီး TNLA ကမူ လက်နက်ချရန် ပြောဆိုညှိနှိုင်းမှုများရှိနေကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များက သီပေါမြို့၏ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီး သီပေါမြို့အတွင်းမှထွက်ပြေးကာ အခြားတပ်ရင်းများနှင့် ပူးပေါင်းသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို လက်နက်ချရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

#ရှမ်းမြောက် #သီပေါအကျဉ်းထောင် #အကျဉ်းသားများ #နိုင်ကျဥ်း #TNLA #ကယ်ထုတ် #Ayeyarwaddy_Times