နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း သီတဂူ၊ အရှင်ဆေကိန္ဒ၊ ဦးဝီရသူနဲ့ ဝစီပိတ်ဆရာတော်အပါအဝင် အာဏာသိမ်းစစ်တပ်ကိုထောက်ခံတဲ့ ဗုဒ္ဓဘာသာဆရာတော် အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ၅၅၀ ဆရာတော်လို့ခေါ်ကြတဲ့ ဦးဝါသ၀နဲ့ မကွေးတိုင်း ပေါက်မြို့နယ်က ပေါက်ကိုယ်တော် (ခေါ်) ဦးအရိယဝံသတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီဆရာတော် နှစ်ပါး နာမည်ကြီးရတဲ့အကြောင်းအရင်းကတော့ သူတို့ဟာ သင်္ကန်းဝတ်လျက်နဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတပ်တွေကို ဦးဆောင်နေလို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ မေလကစပြီး ပြည်သူလူထုရဲ့လက်နက်ကိုင် ခုခံတော်လှန်မှုကို အပြင်းအထန် ရင်ဆိုင်ခဲ့ရတဲ့အတွက် စစ်သည်အင်အားတွေဟာ တဖြည်းဖြည်းနဲ့ ပြုန်းတီး လျော့နည်း လာခဲ့ပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီတပ်ဟာ ဦးဝါသ၀နဲ့ ပေါက်ကိုယ်တော်တို့လို မဘသ အစွန်းရောက်ဘုန်းကြီးတွေကို အသုံးချပြီး အရပ်သားတွေကို စုစည်းကာ ပျူစောထီးတပ်တွေ ဖွဲ့စည်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီဆရာတော် နှစ်ပါးဟာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဘသ အားကောင်းတဲ့ ရွာတွေကို အခြေခံပြီး လူစုပါတယ်။ သူတို့ စုပေးထားတဲ့သူတွေကို စစ်တပ်က အခြေခံ စစ်သင်တန်းပေးပါတယ်။ အဲ့ဒီနောက်မှာ ပျူစောထီးရွာတွေ ထူထောင်ပြီး စစ်တပ် ခြေကုပ်ယူလှုပ်ရှားတဲ့နယ်မြေတွေအဖြစ် ဖန်တီးပါတယ်။

“ပျူတွေဆိုတာ မဘသအုပ်စုကို အခြေခံပြီး လက်နက်တပ်ဆင်ပေးထားတဲ့ အရပ်သား လက်နက်ကိုင် တွေပါပဲ။ အမျိုးဘာသာ မှိုင်းတိုက်ပြီး စစ်တပ်က ခိုင်းစားခံနေရတဲ့ သနားစရာ အုပ်စုတွေပါ” လို့ စစ်ကိုင်းဒေသခံ တော်လှန်ရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။

ပျူစောထီးသင်တန်းတက်သူတွေထဲမှာ လူဆိုးလူမိုက်၊ အလုပ်အကိုင် အတည်တကျမရှိသူတွေ ပါဝင်သလို သင်တန်းမတက်ရင် ဒုက္ခပေးမှာစိုးရိမ်လို့ တက်ရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသားရေး အစွန်းရောက် ဦးဝါသ၀နဲ့ပေါက်ကိုယ်တော်တို့ကတော့ သူတို့ဖွဲ့ထားတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေကို “ဗုဒ္ဓရဲ့စစ်သည်တော်တွေ”၊ “ပါရမီရှင် သူတော်ကောင်း သူရဲကောင်းတွေ”၊ “အမျိုးဘာသာ သာသနာကို အသက်ပေးကာကွယ်နေသူတွေ”လို့ သုံးနှုန်းခေါ်ဆိုကာ ချီးမွမ်းထောပနာ ပြုလေ့ရှိပါတယ်။

သူတို့ ရေလဲသုံးလေ့ရှိတဲ့စကားကတော့ “တပ်မတော်နဲ့အတူအမျိုးဘာသာသာသနာကို ကာကွယ်ရမယ်၊ သာသနာဖျက် PDF အကြမ်းဖက်သမားများကို သုတ်သင်ရမယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

“ဗုဒ္ဓရဲ့စစ်သည်တော်ဆိုတဲ့အသုံးအနှုန်းက ဘာသာ၊ သာသနာကို အကြီးအကျယ်စော်ကားတဲ့ အသုံး အနှုန်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ သူတပါးအသက် သတ်ဖြတ်ခြင်းကို လုံး၀အားမပေးပါဘူး။ အခုက မသိရင်ဘဲ ဗုဒ္ဓဘာသာကို အသက်ပေး ကာကွယ်နေသလို၊ ဗုဒ္ဓဘာသာအတွက် စစ်တိုက်နေသလို ဝါဒဖြန့် ပြောဆိုနေတာက အင်မတန် အောက်တန်းကျ စုတ်ပဲ့တဲ့လုပ်ရပ်ပါ။ တကယ်က စစ်တပ် အာဏာ တည်မြဲဖို့ ဘာသာရေးကို ခုတုံးလုပ်ပြီး အရပ်သားတွေကို အသေခံခိုင်းနေတာ ဖြစ်ပါတယ်”လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးကျော်နန္ဒက ပြောပါတယ်။

၅၅၀ ဆရာတော်လို့ လူသိများတဲ့ ဦးဝါသ၀ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်တွေမှာ ပျူစောထီး ပြည်သူ့ စစ်တပ်ဖွဲ့တွေကို ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကိုယ်တော်ကတော့ စစ်တပ်အာဏာသိမ်းစ ကာလမှာ တပ်ထောက်ခံသူ မဘသ အစွန်းရောက် ဆရာ တော်အဖြစ် လူမှုကွန်ရက်တွေကတဆင့် လူသိများလာခဲ့ပြီး နောက်ပိုင်းမှာတော့ ဦးဝါသ၀နည်းတူ ပျူစောထီးတပ်ဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဖြစ်ပါတယ်။

ဒီဆရာတော် နှစ်ပါးဟာ ဘာသာရေးကို ခုတုံးလုပ်ဗန်းပြပြီး စစ်တပ်အတွက် တဖက်လှည့်နဲ့ အင်အား စုဆောင်း ပေးခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဟာ အဲဒီဒေသတွေမှာ အင်အား အထိုက်အလျှောက် ပြန်လည်တောင့်တင်း ခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“စစ်ကောင်စီတပ်အနေနဲ့ သူတို့ကိုယ်တိုင် ပျူစောထီးတပ်ဖွဲ့မယ်ဆိုရင် အောင်မြင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ဦးဝါသ၀နဲ့ ပေါက်ကိုယ်တော်တို့လိုဘုန်းကြီးတွေကို အသုံးချစည်းရုံးခိုင်းပြီး သူတို့စစ်တပ် အင်အားပြန်ကောင်းဖို့ လုပ်တာ။ မင်းတို့ကိုယ့်ဒေသကိုယ် ကာကွယ်ကြဆိုတဲ့စကားနဲ့ အရပ်သားတွေကို နားလှည့်ပါးရိုက်လုပ်ပြီး စစ်မှုထမ်းခိုင်းတာ။ အဲတော့ စကစရဲ့ပျူစောထီးဗျူဟာက အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ခိုင်းသလိုမျိုး ပြည်သူအချင်းချင်း ပြန်သတ်ခိုင်းတာ။ အင်မတန် ယုတ်မာ အောက်တန်းကျတဲ့ ဗျူဟာလို့ ပြောလို့ရတယ်”လို့ ဧရာ၀တီတိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က မှတ်ချက်ပြုပါတယ်။

အင်အားချည့်နဲ့နေတဲ့ စစ်ကောင်စီတပ်ဟာ ပျူစောထီးရွာတွေမှာ အထိုင်ချ တပ်စွဲပါတယ်။ ပြီးတဲ့အခါ ပျူစောထီးတပ်တွေနဲ့ပေါင်းပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုး၊ကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ပါတယ်။ပစ္စည်းဥစ္စာတွေကို ယုယက်ယူငင်တာတွေအပြင် ရွာတွေကို မီးရှို့ ဖျက်ဆီးကာ အကြမ်းဖက်မှုမျိုးစုံ လုပ်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ဒေသမှာ ပျူရွာလို့ သတ်မှတ်မထားတဲ့ ရွာတွေဆိုရင် မီးရှို့တယ်၊ ဖျက်ဆီးတယ်။ လူတွေကို ဖမ်းဆီးတာ၊ ပြန်ပေးဆွဲတာတွေ လုပ်တယ်။ သူတို့စိတ်ရှိတိုင်း ရိုက်နှက်နှိပ်စက် သတ်ဖြတ် တာတွေလုပ်တယ်။ စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး သူခိုးဓားပြအလုပ်တွေ အတူတူလုပ်နေကြတာ”လို့ ကန့်ဘလူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ပျူရွာတွေကို နယ်မြေခံ PDF တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ကြပါတယ်။ ဒီလိုတိုက်ခိုက်ခံရတဲ့အခါ ပျူစောထီးတွေက စစ်တပ်နဲ့ပေါင်းပြီး PDF အခြေပြုတဲ့ရွာတွေကို မီးရှို့ကာ မြေလှန်ဖျက်ဆီးတာ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ အညှိုးတကြီး လုပ်ဆောင်ကြပါတယ်။

မြတ်ဗုဒ္ဓရဲ့သားတော်တွေဖြစ်တဲ့ ရဟန်းတော်တွေဟာ ၂၂၇ သွယ်သော သိက္ခာပုဒ်တွေကို စောင့်ထိန်း ကြရပါတယ်။ ဦးဝါသ၀နဲ့ပေါက်ကိုယ်တော်တို့ဟာ လူသတ်ဖို့ ဟောပြောတိုက်တွန်းတာ၊ အားပေးကူညီ တာတွေ လုပ်ဆောင်နေတဲ့အတွက် ဝိနည်းတော်ကို ဗြောင်ချိုးဖောက်နေကြောင်း သံဃာ့ အသိုင်း အဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။

“သူတို့က သင်္ကန်းဝတ်ထားလျက်နဲ့ ပျူတပ်တွေကို ဖွဲ့စည်း၊ ဦးဆောင်ပြီးတော့ လူသတ်ဖို့ အားပေး အားမြှောက် လုပ်တယ်။ ဒါဟာ ဗုဒ္ဓရဲ့ ဓမ္မအားဖြင့် အကြီးအကျယ် အပြစ်ရှိသလို လောက ဥပဒေအားဖြင့်လည်း အရေးယူသင့်တယ်။ အပြစ်ရှိပါတယ်” လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားပါတယ်။

ရဟန်းတစ်ပါးဟာ ကိုယ်တိုင်လူသတ်ရင် (သို့မဟုတ်) လူသတ်ဖို့ တိုက်တွန်းဟောပြော အားပေး ကူညီရင်ပါရာဇိကသိက္ခာပုဒ်ကို ကျူးလွန်တာကြောင့် ရဟန်းမဟုတ်တော့ဘဲ သင်္ကန်းပတ်ထားတဲ့ လူတစ်ယောက်သာ ဖြစ်ကြောင်း သံဃာတော်တွေက မိန့်ဆိုပါတယ်။

သင်္ကန်းဝတ်နဲ့ ပျူစောထီးခေါင်းဆောင်လုပ်နေတဲ့ ဦးဝါသ၀နဲ့ပေါက်ကိုယ်တော်တို့ဟာ PDF တွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို လူသိရှင်ကြား တိုက်တွန်းခဲ့သလို ပျူသင်တန်းဆင်းပွဲတွေမှာလည်း အကြီးအကျယ် တိုက်တွန်းဟောပြောခဲ့ပါတယ်။ သူတို့ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေကို လူသတ် လက်နက်တွေ တပ်ဆင်ပေးဖို့ စစ်ကောင်စီထံ ဦးဆောင်တောင်းခံခဲ့သူတွေလည်း ဖြစ်ပါတယ်။

“ဒီလို ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှ ရဟန်းလို့တောင် မခေါ်ထိုက်တော့ပါဘူး။ သင်္ကန်းဝတ်ကနေ ချွတ်ပြီးတော့မှပဲ နေထိုင်သင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ ဗုဒ္ဓသာသနာအတွက် တကယ့်ကို အညစ်အကြေးလို့ ဦးဇင်းအနေနဲ့ ရှုမြင်မိပါတယ်”လို့ ဆရာတော် ဦးဝါယမက မိန့်ကြားပါတယ်။

မြန်မာနိုင်ငံရဲ့သံဃာ့အသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပေါက်ကိုယ်တော်ကတော့ သူ့အနေနဲ့ လူသတ်ဖို့ အားမပေးကြောင်း၊ တိုင်းပြည်ကို ငြိမ်းချမ်းစေလိုပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ရစေလိုကြောင်းနဲ့ အကြမ်းဖက်မှုမှန်သမျှ ဘယ်အရာကိုမှ အားပေးခြင်းမရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ အသံဖိုင်လွှင့်တင်ပြီး ငြင်းဆိုပါတယ်။

“ပေါက်ကိုယ်တော်က သူ့အနေနဲ့အကြမ်းဖက်မှု အားမပေးဘူးသာ ငြင်းနေတာ၊ သူ့ TikTok မှာ သူတင် သမျှ ကြည့်လိုက်ရင် PDF တွေကို အပြတ်ချေမှုန်းဖို့ စစ်ခေါင်းဆောင်ကို အကြိမ်ကြိမ် တိုက်တွန်း နေတာ။ ပြီးရင် သူဖွဲ့ထားတဲ့ ပြည်သူ့စစ်တပ်တွေကို လက်နက် ကောင်းကောင်းပေးဖို့၊ လက်နက် ကောင်းရရင် PDF တွေကို ဘယ်လိုချမယ်၊ နှက်မယ်ပြောနေတာတွေက လူသတ်ဖို့အားပေးနေတာ တွေပါပဲ”လို့ ပုသိမ်မြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရဟန်းတော်ဖြစ်လျှက်နဲ့ စစ်တိုက်လိုပါက လူဝတ်လဲပြီး ဆောင်ရွက်သင့်ကြောင်းနဲ့ အခုလို သင်္ကန်း တကားကားနဲ့ ပျူစောထီးခေါင်းဆောင် လုပ်နေတာဟာ သာသနာတော်အတွက် ရှက်စရာ အလွန် ကောင်းကြောင်း ဓားမဆိုင်း PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဝေဖန်ပြောဆိုပါတယ်။

ဗိုလ်စွမ်းသူမောင်ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်က ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီး နွေဦးတော်လှန်ရေးပေါ်ပေါက်ချိန်မှာ ရဟန်းဘ၀ကို စွန့်လွှတ်၊ သင်္ကန်းချွတ် လူဝတ်လဲပြီး ဓားမဆိုင်း PDF ကို ဦးဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေသူဖြစ်ပါတယ်။

“စစ်ကောင်စီဘက်က အားမပေးရဘူး မဟုတ်ဘူး၊ အားပေးပါ။ ဒါပေမယ့် သေနတ်ကိုင်ပြီး အားပေး တာ ဆိုရင်တော့ ရုပ်ပြောင်းရုပ်လွဲ လူဝတ်လဲသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ အခုလိုတွေ လုပ်တာ ကတော့ အရမ်းလည်း ရှက်စရာကောင်းသလို အင်မတန်မှ ကျက်သရေတုန်းတယ်”လို့ ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

ဒကာ၊ ဒကာမတွေအမြင်မှာလည်း ပျူစောထီးခေါင်းဆောင် ဦးဝါသ၀နဲ့ပေါက်ကိုယ်တော်တို့ကို ဘုန်းကြီးအဖြစ် မမြင်တော့ဘဲ စစ်တပ်ဘက်တော်သား အကြမ်းဖက်သမားတွေလို့သာ ရှုမြင်ကြောင်း မော်လမြိုင်မြို့မှာရှိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ပြောရရင် ဘုန်းကြီးလို့တောင် မမြင်ပါဘူး။ တကယ့်အကြမ်းဖက်တွေလို့ မြင်ပါတယ်။ အမျိုး ဘာသာသနာကို စောင့်ရှောက်တယ်လို့ ပါးစပ်ကပြောပြီး တကယ်ဖျက်နေတာက သူတို့ကိုယ်တိုင် ဖြစ်နေပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကို ထိရောက်စွာ အရေးယူဖို့ လိုပါတယ်”လို့ သူက ပြောပါတယ်။

ရဟန်းသံဃာတွေက ဒကာ၊ ဒကာမတွေ ဘယ်လိုပဲ ထောက်ပြဝေဖန်နေပါစေ၊ ဦးဝါသ၀နဲ့ ပေါက်ကိုယ်တော် တို့ကတော့ တိုင်းပြည်မှာ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်တွေအဖြစ်နဲ့ ဂုဏ်ယူဝံ့ကြွားနေပြီး PDF ရဲဘော်တွေကို သတ်ဖြတ်ဖို့အတွက် အမြဲလိုလို စိန်ခေါ်ကြုံးဝါးနေတာ တွေ့ရပါတယ်။

“အကြမ်းဖက် PDF တွေက ဘာလုပ်မယ်၊ ညာလုပ်မယ်၊ မြို့သိမ်းတိုက်ပွဲလုပ်မယ်၊ ကန့်ဘလူ၊ ကျွန်းလှကို သိမ်းမယ်တိုက်မယ်နဲ့။ မသာပေါ်ချင်တဲ့ကောင်တွေ လာစမ်းပါ။ ဇရှိတဲ့ကောင်လာခဲ့။ နောင်တ နောင်မှမရနဲ့။ တစ်ကောင်မှ မလွတ်စေရဘူး။ အပြောနဲ့အလုပ် တထပ်ထဲကျအောင် ၅၅၀ ဆရာတော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ PDF နွားတွေ။ မင်းတို့အတွက် မြေပြင်ရော ဝေဟင်ရော လာလိမ့်မယ်။ အသက် အပိုပါတဲ့ကောင်တွေ တက်ခဲ့စမ်း”လို့ ဆရာတော် ဦးဝါသ၀က သူ့ရဲ့ပြည်သူ့ စစ်တပ်ဖွဲ့ သင်တန်းဆင်းပွဲမှာ ရုပ်သံဖိုင်ထုတ်လွှင့်ပြီး ပြောဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့အတွက် လူသစ်စုဆောင်း၊ အင်အားဖြည့်ပေးနေတဲ့ ဦးဝါသ၀နဲ့ ပေါက်ကိုယ်တော် တို့ကို အထူးအခွင့်အရေးပေး မြှောက်စားနေသလို စစ်တပ်ထောက်ခံသူတွေကလည်း တပ်မတော် အတွက် အားကိုးရတဲ့ သူရဲ ကောင်းဆရာတော်တွေအဖြစ် အမွှမ်းတင်ပြောဆိုနေကြပါတယ်။ သို့ပေမယ့် ပြည်သူတွေကတော့ ဒီသင်္ကန်းဝတ်ပုဂ္ဂိုလ် နှစ် ဦးအပေါ် ဘာသာရေးအရေခြုံ အစွန်းရောက် အကြမ်းဖက် သမားတွေအဖြစ်နဲ့ ရှုမြင်နေကြပါတယ်။

#ဝါသ၀ #ပေါက်ကိုယ်တော် #သာသနာဖျက် #သတင်းဆောင်းပါး #Ayeyarwaddy_Times