
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြောက်ဦး ဟိုတယ်ရှေ့ကို စစ်ကောင်စီက ဗုံးကြဲချခဲ့သည့် အတွက် ဒေသခံ ပြည်သူ ခြောက် ဦးထက်မနည်းသေဆုံးကြောင်း သိရသည်။
စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြောက်ဦးမြို့နယ်အတွင်းရှိ မြောက်ဦးဟိုတယ်ရှေ့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သည့်အတွက် ဒေသခံ ပြည်သူ ခြောက် ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦး ဟိုတယ်ရှေ့ ဖြတ်သန်းသွားသည့် ဂွန်ဒေါင်း(တုတ် တုတ်)ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲသဖြင့် မောင်းသူ အပါအဝင် လိုက်ပါလာသူ စုစုပေါင်း လေး ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
“ပေါက်ကွဲအားမြင့် ဗုံးလာကြဲချသွားတာ။ ဗုံးကတော့ တစ်လုံးထဲပဲ။ အစအနတွေ လွင့်ထွက်သွားတာက လေး ယောက်လောက်ရှိတယ်။ တုတ်တုတ်ပေါ်ပါသမျှလူ အကုန်နီးပါး သေသလောက်ပဲ။ မသေရင် တောင် ခြေလက်တွေပြတ်ကုန်တယ်။ အနားကဖြတ်သွားတဲ့ လူတွေလည်း သေတယ်လို့ကြားတယ်”ဟု မြောက်ဦးဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကို စစ်တပ်ထောက်ခံဝါဒဖြန့် ချန်နယ်များတွင် AA ၏ Command Centre အဖြစ် အသုံးပြုနေသည့် မြောက် ဦးဟိုတယ် ဗုံးကြဲခံရပြီး AA အရာရှိနှင့် တပ်သား ၄၀ ခန့်သေဆုံးကြောင်း သတင်းဖြန့်လျက်ရှိသည်။
စစ်ကောင်စီသည် မြောက်ဦးဟိုတယ်ကို ရည်ရွယ်၍ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြောက်ဦးမြို့နယ်မှာ စစ်တပ်ကင်းစင်နယ်မြေဖြစ်ကာ AA ကသိမ်းပိုက်ထားသည့် လွတ်မြောက် နယ်မြေတစ်ခုဖြစ်သည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း AA သိမ်းပိုက်ထားသည့် လွတ်မြောက် နယ်မြေများတွင် ဒေသခံပြည်သူများကို ရည်ရွယ်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း သိရသည်။
#ရခိုင် #မြောက်ဦးဟိုတယ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #ဒေသခံ၆ဦးကျော် #သေဆုံး #Ayeyarwaddy_Times