
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံနေကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစတင်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲစတာက မနေ့ကတည်းကပါ။ လေယာဉ်တွေနဲ့ ဒီမနက်ကစပြီး ဗုံးလာကြဲတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းထားတဲ့ အချို့နေရာတွေ ပြန်ဖယ်ပေးလိုက်ရတယ်ကြားတယ်။ ရဲစခန်းနဲ့ ထွေအုပ်ရုံးဘက်မှာ တိုက်ပွဲပိုပြင်းထန်တယ်။ စစ်တပ်က လေယာဉ်နဲ့ကြဲတာ နွားထိုးကြီးမြို့ပေါ်က နေအိမ်အချို့ပေါ်ကျတယ်”ဟု နွားထိုးကြီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ် ၉ ရက်နေ့ ည ၁၀ နာရီအချိန်ကစတင်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် နွားထိုးကြီးမြို့အဝင်ရှိ စစ်တပ်ဂိတ်တစ်ခုကိုပါ တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အပြင် လေယာဉ်ပေါ်မှနေ၍ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
“လေယာဉ်နဲ့ ဗုံးကြဲရုံသာမကဘူး စက်သေနတ်တွေနဲ့ပါပစ်ပြီး အပြင်းအထန်ခုခံနေတယ်။ နောက်ပြီး နွားထိုးကြီးအထွက်
ဂိတ်ဘက်မှာရှိတဲ့တပ်က မြို့ထဲကပြည်သူတွေကို ပေးမထွက်လို့ ထိခိုက်တဲ့သူတွေလည်း ရှိနေတယ်။ စာရင်းအတိအကျတော့မသိရသေးဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝ တီတိုင်းမ်ကိုပြောသည်။
စစ်တပ်ထောက်ခံဝါဒဖြန့်ချန်နယ်များမှ နွားထိုးကြီးကို လေယာဉ်နဲ့ ဖိထားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ မလှုပ်နိုင်တော့သည့်အခြေအနေတွင် ဆက်လက်၍ လေယာဉ်ပစ်ကူဆက်တိုက်လုပ်ရန် အားပေးအားမြှောက် ပြုလုပ်လျက်ရှိသည်ကို တွေ့ရ သည်။
ထို့အပြင် အဆိုပါချန်နယ်များမှ နွားထိုးကြီးမြို့ရှိ မြင်းခြံဘက်ထွက်သည့်ဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက စီးနင်းထားသည့်အတွက် အဆိုပါနေရာကို လေယာဉ်ပစ်ကူပေးရန် ရေးသားထားသည်။
နွားထိုးကြီးအပြင် မြင်းခြံနှင့် တောင်သာမြို့များတွင်လည်း ဒေသတွင်း PDF များက စစ်ကောင်စီစခန်းချရာ နေရာများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့ #PDF #တိုက်ပွဲ #ပြင်းထန် #လေကြောင်း #ဗုံးကြဲ
#Ayeyarwaddy_Times