ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

ရှမ်းမြောက်၊ လားရှိုးမြို့နယ်ရှိ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ရမခ)အတွင်း ဘန်ကာတစ်ခုအောက်တွင် ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို ကယ်ထုတ်ပေးခဲ့ရကြောင်း MNDAA က ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထားသည့် လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဝင်းကို ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့က နယ်မြေရှင်းလင်းရာတွင် ဘန်ကာတစ်ခုအောက်၌ ဒဏ်ရာများနှင့် ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်သား ၁၃ ဦးကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

“အထက်အရာရှိတွေက သူတို့ဆုတ်ခွာချိန်မှာ စနစ်တကျ ဆုတ်ခွာတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် အသက်လုထွက်ပြေးရတော့ အောက်ခြေစစ်သားတွေကို ဘာမှစီစဉ်မှု မပေးခဲ့ဘူး။ တချို့တပ်သား တွေဆို ကတုတ် ကျင်းထဲ ခံပစ်နေတာ။ တပ်မ ကျလို့ကျမှန်းတောင်မသိဘူး။ အပေါ်အောက် အချိတ်အဆက်လည်း မရှိဘူး”ဟု ရှေ့တန်းရှိတပ်မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသည် လားရှိုးတစ်မြို့လုံးနှင့် စစ်တိုင်းဌာနချုပ်ကြီး အသိမ်းခံ လိုက်ရသည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ဘန်ကာအောက်တွင် ဆာလောင်မှု၊ အအေးမိမှုနှင့် ဒဏ်ရာများ ပိုးဝင်ခြင်းတို့ကို ခံစားရပြီး သေလုမျောပါးဖြစ်နေခဲ့ကြောင်း သိရသည်။

“စစ်တပ်ထောက်ခံ ချန်နယ်တွေကရော တိုင်းမှူး၊ တပ်ရင်းမှူးနဲ့ သူတို့ကိုညွှန်ကြားနေတဲ့ အထက်ပိုင်းကပါ လားရှိုးမြို့မကျစေရဘူးဆိုပြီး MNDAA အပစ်ရပ်ထားတဲ့ကာလမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေယာဉ်နဲ့ပို့ပေးပြီး ဘန်ကာတွေနဲ့ ကတုတ်ကျင်းထဲ ကို အပြည့်ဖြည့်ခိုင်းထားတယ်။ ပြီးတော့ နှစ်ပေါက်အောင် ခုခံလို့ရတယ်ဆိုပြီး သတင်းတွေဖြန့်ကြတယ်။ ဒီကတုတ်ကျင်းထဲကနေ ထိခိုက်မှု မရှိဘဲ နှစ်ပေါက်အောင် ဘယ်လိုခုခံမလဲ၊ အခုဆို ရမခကျတာ တစ်လတောင် မကြာ လိုက်ဘူးလေ။ အထက်ပိုင်းကပြေးသွားတာ အောက်ကလူတွေ သိတောင်မသိလိုက်ဘဲ ဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်။ လာလည်းမကယ်ကြဘူး။ တစ်ဖက်ရန်သူက လာကယ်ထုတ်မှ မြို့ကျပြီး စစ်ပြီးမှန်း သိရတယ်။ အဲဒီလောက်ကို အောက်ခြေမှာ အခြေအနေဆိုးနေပြီ”ဟု တပ်ရေးဗိုလ်ကြီး တစ်ဦး၏ မိခင်ဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်အတွင်း၌ လားရှိုးမြို့ကို MNDAA က လာရောက်မတိုက်ခိုက်ခင် ခံစစ်ပြင်သည့် အနေအထားတွင် ကတုတ်ကျင်းနှင့် ဘန်ကာထဲ၌ ရိက္ခာခြောက်များ တစ်နှစ်စာထည့်ပေးပြီး အပြင်းအထန်ခုခံလျှင် လားရှိုးမြို့ကျနိုင်ဖွယ်မရှိဟု ဝါဒဖြန့်ကာ အသေခံခုခံခိုင်းခဲ့ကြောင်း သိရသည်။

MNDAA က ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို ဆေးကုသမှုပေးနိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး စစ်ပွဲအတွင်း နှစ်ဖက်စလုံးဖျားနာဒဏ်ရာရသူများ၊ စစ်သုံ့ပန်းများနှင့် အရပ်သားများကို လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကုသမှုနှင့် ကာကွယ်ပေးရန် တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိ ကြောင်း MNDAA က ဆိုထားသည်။

စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အကာအကွယ်ပေးထားခြင်းမရှိသည့်အပြင် လေကြောင်းတိုက်ခိုက် မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် စစ်မဖြစ်သည့် နယ်မြေများနှင့် စစ်ရေးမဟုတ်သောပစ်မှတ်များကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည့် အတွက် မရေတွက်နိုင်သည့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရ ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ပုံစာ- ရမခထဲရှိ ဘန်ကာထဲမှ ဒဏ်ရာရ စစ်ကောင်စီ တပ်သား ၁၃ ဦးကို ကယ်ထုတ်လာစဉ်
#ရှမ်းမြောက် #လားရှိုး #ရမခ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ကတုတ်ကျင်း #ဘန်ကာ #ခိုအောင်း #၁၃ဦး #MNDAAကယ်ထုတ် #Ayeyarwaddy_Times