
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ချင်းကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ချင်းကွင်းကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၇၀ နီးပါးခန့်ရှိ စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကတည်းက စတင်၍ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့င်များ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။
“ချင်းကွင်းက ဂွမြို့နဲ့တော့ ဝေးတယ်။ ၂၆ မိုင်လောက် ဝေးတယ်။ စစ်တပ်က ဒီလိုလာမတိုက်ခင် ကတည်းက ချင်းကွင်းမှာရော ကသိုင်းကွင်းဘက်ကိုပါ တပ်စွဲပြီး လုံခြုံရေးတိုးမြှင့်ထားတယ်။ အခုလာ တိုက်ခံရတဲ့ တပ်စခန်းက အင်အား ၇၀ လောက်ဆိုတော့ တပ်စခန်းကြီးမဟုတ်သလို လုံခြုံရေးစခန်း လောက်လို့လည်း ပြောလို့မရဘူး။ ၃ ရက်လောက် တိုက်ယူအပြီးမှာ ဒီနေ့မနက်ပဲ စစ်ကောင်စီတပ်တွေ ဆုတ်သွားတယ်”ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းကွင်းရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များ AA ၏ထိုးစစ်ကို မခုခံနိုင်တော့ဘဲ ယနေ့ ဩဂုတ် ၁၀ ရက်နေ့တွင် တပ်ဆုတ်ထွက်ပြေးသွားကြောင်း သိရသည်။
စစ်ကောင်စီက ဂွမြို့နယ်တွင်စစ်ရေးပြင်ဆင်နေပြီး ဌာနဆိုင်ရာ ရုံးအချို့ကိုပါ ဧရာဝတီတိုင်း ရေကြည် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည့်အတွက် ဒေသခံများအနေဖြင့် စစ်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ချင်းကွင်းတိုက်ပွဲအတွင်း ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဂွဒေသခံများ စစ်ဘေး ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရခိုင် #ဂွ #ချင်းကွင်း #စစ်ကောင်စီ #စစ်စခန်း #AAထိုးစစ်ဆင် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #တပ်ဆုတ်ပြေး #Ayeyarwaddy_Times