နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဟိုင်ဂင်ဆွေးနွေးပွဲ ကိစ္စရပ်အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း လာရောက်၍ ဖိအားပေး ဆွေးနွေးခဲ့ကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူများထံက သိရသည်။
ရှမ်းမြောက်စစ်ဆင်ရေး ပြင်းထန်ပြီး စစ်ကောင်စီ မရှုမလှ စစ်ရှုံးနေချိန်တွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းသည် နေပြည်တော်ကို ဩဂုတ် ၈ ရက်နေ့က လာရောက်၍ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
“ကျားဖြန့်နဲ့ ရွေးကောက်ပွဲ ကိစ္စရယ်ပေါ့။ အဲနှစ်ခုလုံးရဲ့ ခေါင်းစဉ်အောက်မှာ အာဏာ လွှဲပြောင်းရေး ပါတယ်။ သူတို့တောင်းဆိုမှုတွေ မရရင် ဒီဘက်က ညှိနှိုင်းတာလည်း အဆင်ပြေမယ် မထင်ဘူး။ ဒီဘက်ကလည်း ရှမ်းမြောက်တိုက်ပွဲတွေအကြောင်း ပြောဖြစ်ကြတယ်လို့ သိရတယ်” ဟု စစ်ရုံးချုပ် သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို လာရောက်ခြင်းသည် ခြောက်ကြိမ်မြောက် တွေ့ဆုံ သွားမည့် ဟိုင်ဂင်ဆွေးနွေးအား စစ်ကောင်စီဘက်က မတက်ရောက်သည့်အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်းသည်ဟု ယူဆနိုင်သလို ဖိအားပေးခြင်းလည်း ဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် ဇူလိုင်လကုန်တွင် ခြောက်ကြိမ်မြောက် တွေ့ဆုံသွားမည့် ဟိုင်ဂင်ဆွေးနွေးပွဲကို ရက်ရွှေ့ခဲ့ပြီးနောက် ယခု ဩဂုတ် ၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီဘက်က တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ အများစုသည် တရုတ်အစိုးရက ဖိတ်ခေါ်လျှင် လာရောက်လေ့ရှိပြီး စစ်ကောင်စီကမူ ထိုကဲ့သို့ မဟုတ် လာရောက်ခြင်းမရှိသဖြင့် ဆွေးနွေးပွဲ ပြန်တက်ရန် လာဖိတ်ခြင်း မျိုးလည်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဆိုသည်။
“မင်းအောင်လှိုင်တို့ဘက်က လွန်ထားတာရှိတယ်။ ဩဂုတ် ၅ ရက်က မိန့်ခွန်းရော၊ ၆ ရက်နေ့မှာ လုပ်ခဲ့တဲ့ တရုတ် ဆန့်ကျင်ပွဲတွေရောပေါ့နော်။ အဲဒါတွေကို အရှိန်သတ်အောင် လာပြီးတော့ ပြန်ချော့ တာလည်း ပါတာပေါ့ဗျာ။ ဖိအားပေးမှန်းမသိ၊ ပေးတဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကမူ ထိုတွေ့ဆုံမှု၌ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေမှု အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများ၊ ကျားဖြန့် (ခ) အွန်လိုင်း ငွေလိမ်ဂိုဏ်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စစ်ခေါင်းဆောင်နှင့် တရုတ် အထူးကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အခုချိန်ထိ မင်းအောင်လှိုင်ဘက်က လျော့ဖို့အတွက် စဉ်းစားပုံမရဘူး။ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး သွင်းပြီးတော့ သူကိုယ်တိုင် တရုတ်ကို သွယ်ဝိုက်စွာ ရန်တွေ့ပြီး တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ဖိအားပေးဖို့ ဒီအတွက် ရည်ရွယ်ပုံရတယ်။ သူအိမ်မက် သမ္မတရာထူးကတော့ နည်းနည်းမှ စွန့်လွှတ်မှာ မဟုတ်ဘူး“ ဟု ဒေါက်တာလှကျော်ဇော သုံးသပ်သည်။
ထို့အပြင် ယခုနှစ် ဇွန်လကုန်က တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်သို့ သွားရောက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံရာတွင်လည်း စစ်ခေါင်းဆောင် အာဏာစွန့်ရေး ကြိုးပမ်းရန်နှင့် ကြားဖြတ်အစိုးရကိစ္စ ဆွေးနွေးခဲ့သည်ဟု စင်္ကာပူအခြေစိုက် CNA သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အလားတူ ရှမ်းမြောက်စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီအတွက် စစ်ရေးနှင့် စီးပွါးရေးအရ အရေးပါသော တပ်စခန်းများအပါအဝင် သမိုင်းအစဉ်အလာ ကြီးမားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) စွန့်လွှတ်ရမှုတို့ကြောင့် စစ်ခေါင်းဆောင်ကို ရာထူးမှ နုတ်ထွက်ပေးရန် စစ်တပ်လော်ဘီ၊ မဘသနှင့် အမျိုးသားရေး အစွန်းရောက်များကလည်း တောင်းဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#တရုတ် #ဟိုင်ဂင်ဆွေးနွေးပွဲ #ရွေးကောက်ပွဲ #စစ်ခေါင်းဆောင် #ဖိအားပေး #Ayeyarwaddy_Times