နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က နေပြည်တော်တွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကို ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသော လက်ကျန်အပစ်ရပ်အဖွဲ့များခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

 

အဆိုပါ NCA (၁၀) နှစ်ပြည့် အခမ်းအနားကို ယနေ့အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပနေခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်နေပြီး ယင်းအတွက် စစ်ကော်မရှင်က ၎င်းတို့နှင့် နီးစပ်သူများအား ကြိုတင်ဖိတ်ကြားထားခဲ့ရာ တက်ရောက် လာသူများတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရှိရခြင်းမရှိပေ။

ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ဥက္ကဋ္ဌဖြစ်သလို NCA ရေးထိုးထားသော လက်ကျန်အပစ်ရပ်အဖွဲ့များ၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပြီး ယခင်နှစ် NCA နှစ်ပတ်လည်နေ့များတွင် ၎င်းကိုယ်တိုင် ဦးဆောင်တက်ရောက်လေ့ရှိသည်။

 

ယခုနှစ်တွင်မူ RCSS ကိုယ်စားလှယ်ကိုသာ စေလွှတ်ခဲ့ပြီး ယခင်တက်ရောက်နေကျ KNU ‌ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် ပဒိုစောရွှေမောင်း၊ DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ KNU/KNLA -PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး၊ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တို့ တက်ရောက်နေကြောင်း သိရသည်။

အလားတူ စစ်ကော်မရှင်ကလည်း အာဏာသိမ်းပြီးနောက် ၎င်းတို့အမည်ခံ ပြုလုပ်လေ့ရှိသည့် NCA အခမ်းအနားကို ယခင်နှစ်များက မည်သူမည်ဝါ တက်ရောက်ကြသည်ဟု ခမ်းခမ်းနားနား ‌ထုတ်ပြန် သော်လည်း ယခုနှစ်အတွက်မူ လက်ရှိအချိန်ထိ ဖော်ပြခြင်းမရှိသေးပေ။ ။

 

ထိုအပစ်ရပ်အဖွဲ့များအနက် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS အဖွဲ့တစ်ဖွဲ့သာလျှင် အင်အားအသင့်တင့်ရှိပြီး ကျန်အဖွဲ့အများသည် အင်အားနည်း အဖွဲ့များဖြစ်သလို စစ်ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေး၍ NCA ကို ဆက်လက်ကိုင်စွဲထားသော အဖွဲ့များလည်းဖြစ်ကြောင်း သိရသည်။

 

ယခင်က NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှ လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် KNU ၊ CNF ၊ ABSDF ၊ PNLO ၊ NMSP(AD) နှင့် LDU တို့သည် စစ်ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိတော့ဘဲ ခုခံတော်လှန်လျက်ရှိသည်။

 

ဓာတ်ပုံ-စစ်လော်ဘီ၊
ပုံစာ-NCA ၁၀ နှစ်ပြည့်အခမ်းအနားမြင်ကွင်း၊