ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

စစ်ကော်မရှင်တပ်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သိမ်းပိုက် ထိန်းချုပ် ထားသည့် သီပေါမြို့ကို ပြန်လည်ရယူရန် ထိုးစစ်ဆင်လာရာ မြို့အနီးရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့ကို ထိုးစစ်ဆင်ပြီးနောက် သီပေါမြို့ကို ဆက်လက် ထိုးစစ် ဆင်တိုက်ခိုက်လာရာ အောက်တိုဘာ ၁၃ ရက်က ဘော်ကြိုကိုပြန်လည်သိမ်းပိုက်ရရှိပြီးနောက် နားခဲရွာအထိရောက်ရှိလာကာ သီပေါမြို့အနီး ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စေတီပုထိုးနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှာစိုးလို့ ဘော်ကြိုက ဆရာတော်နဲ့ မြို့ခံတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် TNLA တပ်ဖွဲ့တွေက ဆုတ် ခွာပေးခဲ့တာ။ တိုက်ပွဲမဖြစ်ဘဲ ဘော်ကြိုကိုစစ်တပ်က ရလိုက်တာ။ အခုမြို့အနီးကိုရောက်နေပြီ”ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်‌နေ့ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်က လေကြာင်းမှ သီပေါမြို့အနီးရှိ နားလွယ်၊ နမ့်ဟူးနွဲ့၊ ခါလိန်၊ မာန်ဟဲစသည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် သီပေါမြို့အတွင်း ဝင်ရောက်နိုင်ရန် လေကြောင်းအပြင် ဒရုန်းများဖြင့် နေ့စဉ်ဗုံးကြဲချတိုက်ခိုက်နေပြီး TNLA ထိန်းချုပ်ထားသည့် မြို့များကို လေကြောင်းမှနေ့စဉ် တိုက် ခိုက်နေကြောင်း သိရသည်။

သီပေါမြို့ခံများနှင့် မြို့အနီးရှိကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲလွတ်ရာ နေရာများသို့ တိမ်းရှောင် နေကြရပြီး စစ်ကော်မရှင်တပ်များ ဝင်ရောက်လာပါက ၎င်းတို့၏နေအိမ်များကို ချိပ်ပိတ် သိမ်းယူမှုနှင့် ဖောက်ထွင်းယူဆောင်မှုများပြုလုပ်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

ပုံစာ- ဘော်ကြိုကျောင်းဝန်အတွင်း စစ်ရှောင်များရှိနေကြောင်း အသိပေးထားသည်ကို တွေ့ရစဉ်။