
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ရခိုင်ပြည်နယ်၊ မောင်တောတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ထဲပိတ်မိနေသည့် ဒေသခံထောင် ချီကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်ပေးခဲ့ ကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၉ ရက်နေ့က မောင်တောမြို့အတွင်းရှိ အနည်းဆုံးနေရာ ငါး ခုတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
“၈ ရက်နေ့ထဲက ဗုံးလာကြဲတယ်။ တစ်ညလုံးရော ဒီ နေ့မနက်အထိပါ လာကြဲတယ်။ AA က လသာရွာနဲ့ ဗိုလ်မှူးရွာမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်သွားတယ်။ တိုက်ပွဲနဲ့ နီးတဲ့ရွာတွေက ပြည်သူ ထောင်ချီ ပိတ်မိနေတုန်းပဲ။ အစုလိုက်အပြုံလိုက်လည်း စုမနေရဲဘူး။ အဲ့သည်လိုစုနေမိလို့ နေရာသိပြီး ဗုံးချ ခံရတာတွေလည်းရှိတယ်။ မြို့တွင်းတိုက်ပွဲက ရှုပ်ထွေးနေတယ်။ ARSA တို့သင်တန်းပေးတဲ့ မူဆလင် တွေက ပြည်သူတွေနဲ့ရောနေပြီး ပြေးနေကြတယ်”ဟု မောင်တော ဒေသခံပြည်သူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်စစ်စခန်း (နခခ-၅) မြို့သူကြီးနှင့် ခံစစ်အထပ်ထပ်ခံ၍ ခုခံ ကာကွယ်နေသည့် မောင်တောမြို့တွင်းစခန်း နှစ်ခုကို AA က အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်နီနှင့် ရွှေဇားစခန်းတို့မှ ထွက်ပြေးလာကာ မြို့အတွင်းသို့ ပြန့်ကြဲရောက်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၈ ရက်နေ့မှ ယနေ့ ၉ ရက်နေ့အထိ လေကြောင်းမှ ၁၀ ကြိမ် ထက်မနည်း လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် ပိတ်မိနေသည့်ဒေသခံများ ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံများထံက သိရသည်။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့က မောင်တောမြို့၊ လသာရပ်ကွက်အတွင်း ပိတ်မိနေသော ဒေသခံပြည် သူများကို ကယ်ထုတ်ခဲ့ပြီး ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ကလည်း မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးရွာတွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်၍ ဘေးလွတ်ရာသို့ပို့ဆောင်ထားကြောင်း AA က ထုတ်ပြန်ထားသည်။
AA က နှစ်ရက် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ ၄၀၀၀ ကျော်ခန့်ကို ကယ်တင်ထားပြီး မောင်နီနှင့်ရွှေဇားစခန်းတို့မှ လက်နက်ချသည့် စစ်သုံ့ပန်းအချို့ကိုလည်း ခေါ်ယူကယ်တင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် လက်ရှိကျန်နေသေးသည့် စစ်စခန်းနှစ်ခု မကျစေရေးအတွက် လေကြောင်းအပြင် ပင် လယ်ပြင်နှင့် နတ်မြစ်အတွင်းရှိ နေဗီများမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်၍ ခုခံနေကြောင်း သိရသည်။
ပုံစာ- မောင်တောရှိ တိုက်ပွဲအတွင်းပိတ်မိနေသူ ဒေသခံများကို AA ကယ်ထုတ်လာစဥ်
#ရခိုင် #မောင်တော #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #ပိတ်မိ #ဒေသခံထောင်ချီ #AAကယ်ထုတ် #Ayeyarwaddy_Times