ဧရာဝတီတိုင်းမ်
သြဂုတ် ၉ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကလန်ဘသန်မြို့ရှိ အီလစ်ထရောနစ်စက်ရုံတစ်ခုကို မလေးရှား လူဝင်မူကြီး ကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြား သား ၁၈၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ကလန်ဘသန်မြို့ရှိ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် အီလစ်ထရောနစ် စက်ရုံ (၂) ကို ယမန်နေ့ သြဂုတ် ၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် တိုင်ကြားချက်ကြောင့် မလေးရှားအာဏာပိုင်အဖွဲ့က ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အခု အဖမ်းဆီးခံရတဲ့ စက်ရုံမှာ မြန်မာမိန်းကလေး အများကြီး အလုပ်လုပ်ကြတယ်။ မနေ့က အဖမ်း ခံရတဲ့ အထဲမှာလည်း ကျွန်တော်အသိ မိန်းကလေးတွေ အတော်ပါသွားကြတယ်။ အဲ့ဒီအထဲမှာ အထောက်အထား အပြည့်အစုံရှိသူတွေ၊ အထောက်ထားမရှိတဲ့သူတွေပါ အားလုံးဖမ်းသွားကြတယ်။ အခုချိန်ထိဘာမှ အဆက်သွယ်မရသေးဘူး” ဟု ဂျိုဟိုးရှိ မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၁၈၇ ဦးအနက် အထောက်ထားအပြည့်အစုံရှိသူ ၁၀၈ ဦးသည် ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ဂျိုဟိုးထိန်းသိမ်းရေး စခန်းမှ အသီးသီးပြန်လည် လွတ်မြောက်ခဲ့ပြီး ကျန် ၇၉ဦးသည် ဆက်လက်၍ ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်းသိရသည်။

“စက်ရုံသူဌေးက ချက်ချင်းလိုက်ပေးလို့ အထောက်ထားရှိတဲ့သူတွေက ပြန်လွတ်လာကြပါပြီ။ အထောက်အထားမရှိတဲ့သူတွေနဲ့ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးတဲ့သူတွေက ပြန်မလွတ်ကြသေးဘူး။ အဲ့ဒီ အထဲမှာ မြန်မာမိန်းကလေးတွေ အများကြီးပါတယ်။ သူတို့တွေက ထောင်ဒဏ် သုံးလကျခံပြီး မိခင် နိုင်ငံကို ပြန်အပို့ခံရမှာဖြစ်ပါတယ်” ဟု ဂျိုဟိုးပြည်နယ်ရှိ လူမူကူညီဆောင်ရွက်ပေးနေသူ မြန်မာ နိုင်ငံသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သည့် နိုင်ငံခြားသား ၇၉ ဦးတွင် မြန်မာအမျိုးသမီး ၆၈ ဦး၊ တရုတ် နိုင်ငံသား အမျိုးသား ခုနစ်ဦး၊ တရုတ်အမျိုးသမီး နှစ်ဦး၊ နီပေါအမျိုးသား တစ်ဦး၊ အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့ကလည်း ဆလန်ဂေါပြည်နယ်၊ စူဘန်ဂျာရာမြို့တွင် မလေးရှား အာဏာပိုင်အဖွဲ့က နေရာ လေးနေရာ ထက်မနည်းကို ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသားအများအပြား ဖမ်းဆီးခံခဲ့ရသည်။

ပုံစာ-ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို တွေ့ရစဉ်
#မလေးရှား #မြန်မာနိုင်ငံသားများ #နိုင်ငံခြားသား #၁၈၇ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times