ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြကြောင်း သိရသည်။

ယခု ဩဂုတ် ဒုတိယပတ်အတွင်းတွင် ဂွမြို့သို့ စစ်ရေးရောက်ရှိလာနိုင်သည့်အခြေအနေများကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအချို့ စာရွက်စာတမ်းများ သိမ်းဆည်းပြီး ဧရာဝတီတိုင်း ရေကြည်မြို့နယ်သို့ ပြောင်းရွှေ့ရန် လုပ်ဆောင်နေကြောင်း ဂွမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများထံမှ သိရသည်။

“သံတွဲကနေလာနိုင်တဲ့ လမ်းတွေ၊ တံတားတွေကို ဖျက်ဆီးထားပေမယ့် စစ်ရေးက ဂွကို ဦးတည်လာမယ့်သတင်းတွေထွက်နေလို့ ရုံးတွေ ရွှေ့ခိုင်းနေတယ်။ သံတွဲကပြောင်းလာသူတွေလည်း တံတားတွေချိုးထားလို့ လှေတွေနဲ့ ကူးလာကြတယ်။ စစ်ကြောင်းထိုးလို့ ပြန်ထွက်ပြေးနဲ့ အတော် ကသောင်းကနင်းပဲ လူထုအဖြစ်က” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဂွမြို့နယ်အတွင်းရှိကျေးရွာအချို့၌ AAတပ်ဖွဲ့များ ရောက်ရှိနေသည်ဆိုသည့် သတင်းများကြောင့် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိရာ ဂွမြို့နယ် ရွာသစ်ကုန်းရွာမှ အင်အား ၅၀ကျော်ရှိသော စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ် ၈ရက်နေ့ ညနေပိုင်းက ညောင်ချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ကျေးရွာ အတွင်းရှိ ပြည်သူများ စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

ထို့အပြင် ချင်းကွင်း၊ ကသိုင်းကွင်း၊ ကုလားပြင်၊ ကျိန္တလီစသည့် နေရာများတွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်များကို လက်နက်အပြည့်အစုံတပ်ဆင်၍ ဂွမြို့သို့ စေလွှတ်ပြီး အင်အားဖြည့်တင်း စစ်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

#ဂွ #စစ်ကောင်စီ #ဌာနဆိုင်ရာများ #ပြောင်းရွှေ့ရန်စီစဉ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times