
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ်ချယ်ရီထက်သည် ယနေ့မနက်တွင် ရမည်းသင်းထောင်မှ လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အိမ်ပြန်ခွင့်မရသေးကြောင်း နီးစပ်သူများထံက သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ဒုရဲအုပ်ချယ်ရီထက်သည် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် သုံးနှစ် နှင့် ၅၀၅ ( က ) ဖြင့် ဇဗ္ဗူသီရိတရားရုံးမှ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည့်အတွက် စုစုပေါင်း ထောင်ငါးနှစ် ကျခံခဲ့ရသူဖြစ်သည်။
“ကျွန်မတို့ စိတ်ပူနေကြတာ၊ အဆင်ပြေပြေလွတ်ပါစေလို့ ဆုတောင်းတယ်။ အခုသိတာက ထောင်ကလွတ်ပြီး ထောင်ဝန်းထဲက အပြင်မထွက်ရတာ” ဟု မချယ်ရီထက်ဖြစ်စဉ်ကို သိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယနေ့ညနေထောင်ပိတ်ချိန်အထိ မချယ်ရီထက်သည် ထောင်အပြင်တွင်ရှိနေပြီး ယနေ့ညအိမ်ပြန်ခွင့်မရပါက အမျိုးသမီးထောင်အရာရှိ၏ နေအိမ်တွင် နေထိုင်ရမည်ဟု သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သည့် ရဲအုပ်ပြည့်ဖြိုးနိုင်နှင့် ဒုရဲအုပ်ချယ်ရီထက်တို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။
ကိုယ်ရံတော်တပ်ဖွဲ့မှ လေးယောက်ဖမ်းဆီးထောင်ချခံခဲ့ရပြီး ဒုရဲအုပ်ချယ်ရီထက် ပြန်လည်လွတ်မြောက်လာသည့်အတွက် သုံးဦးလွတ်မြောက်လာပြီဖြစ်ကာ အင်းစိန်ထောင်တွင် ထောင်ဒဏ်နှစ်၂၀ ကျခံနေရသည့် တပ်ဖွဲ့ဝင် တစ်ဦးသာ ကျန်တော့ကြောင်း နီးစပ်သူများထံက သိရသည်။
#ဒေါ်အောင်ဆန်းစုကြည် #ကိုယ်ရံတော် #ချယ်ရီထက် #လွတ်ရက်စေ့ #ထောင်ကပြန်လွတ် #Ayeyarwaddy_Times