ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တစ်ခုပြီးတစ်ခု စစ်ရှုံးနေသည့် တပ်ဖွဲ့ဝင်များနှင့် စစ်တိုင်းမှူး များအနေဖြင့် အလံဖြူမထောင်၊ အသေခံမတိုက်ဘဲ မြို့ရွာများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဟု ကမ္ဗည်းထိုးလှူဒါန်းသင့်ကြောင်း မဘသ အမျိုးသားရေးခေါင်းဆောင် ဦးဝီရသူက တိုက်တွန်းပြောဆိုထားသည်။

ယမန်နေ့ ဩဂုတ် ၈ ရက်နေ့တွင် ဦးဝီရသူ၏ စစ်ခေါင်းဆောင်အပေါ် ဝေဖန်ပြောကြားချက်များကို စစ်ကောင်စီထောက်ခံအားပေး တယ်လီဂရမ်များမှ ဖြန့်ဝေလာခြင်းဖြစ်သည်။

စစ်တကယ်မတိုက်လိုဘဲ စစ်အောင်နိုင်ဖို့ရာ အားထုတ်ခြင်းလည်းမရှိသည့် စစ်ခေါင်းဆောင်အတွက် စစ်သားများအနေဖြင့် အသေခံမတိုက်ကြဘဲ စစ်တိုင်းမှူးများကလည်း အသေခံကာကွယ်မနေဘဲ မြို့များကို ကြည်ကြည်ဖြူဖြူလှူဒါန်းကြရန်နှင့် အဘ၏ အလှူဒါနကို အနှောင့်အယှက်ဖြစ်နေသလိုမျိုး ကြန့်ကြာအောင် ဆွဲမထားရန် ဦးဝီရသူက တိုက်တွန်း ပြောဆိုထားသည်။

ထို့အပြင် စစ်ခေါင်းဆောင်က ရှမ်းပြည်မြောက်ပိုင်းကို လှူဒါန်းမှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလှူအဖြစ် ရောက်လေရာ ကြားလေရာအရပ်မှ သာဓုခေါ်ဆို ရေစက်ချစေလို ကြောင်း ဦးဝီရသူက အရွဲ့တိုက် ပြောဆိုသည်။

“အဲဒီတော့ အဘရဲ့ အလှူဒါနမြောက်အောင် ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှု ဆိုတဲ့ ကမ္ပည်းလေးထိုးပါရစေဗျာ”ဟု ၎င်းက ပြောဆိုထားသည်။

ထို့အပြင် အလံဖြူထောင်မည့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှု ဆိုသည်ကို ကမ္ပည်းထိုးပြီး ဆုတ်ခွာပေးပါမယ် စသည်ဖြင့် ပြတ်ပြတ်သားသားမေးရန်နှင့် ထိုသို့မမေးဘဲ တိုက်ခိုက် နေပါက စစ်သားများနှင့် စစ်တိုင်းမှူးများသာ သေမည်ဖြစ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဟု အလံထောင်ပြီး ကမ္ပည်းထိုးပါက ရေစက်ချပေးမည်ဆိုသည်များကိုပါ ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်အနေဖြင့် ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းကို လှူဒါန်းရသည့် ကုသိုလ်ကောင်းမှု ကြောင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေလို့ ဆုတောင်းပြီးတော့ ရေစက်ချ ပေးမယ်နော် ဟုလည်း ဦးဝီရသူက ထပ်ဆင့်ပြောဆိုခဲ့ သည်။

စစ်ခေါင်းဆောင်ကို အပြင်းအထန် လွန်လွန်ကဲကဲ အားပေးထောက်ခံနေသည့် အမျိုးသားရေးအစွန်း ရောက်များနှင့် မဘသအဖွဲ့အစည်းများက ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်အများစုနှင့် စစ်တိုင်းကြီး ဆုံးရှုံးခဲ့ရချိန်တွင် စစ်ခေါင်းဆောင်က ထိရောက်သည့် ကာကွယ်မှုများစစ်ကူများပေးခဲ့ခြင်းမရှိဘဲ ယာယီသမ္မတရာထူး တက်ယူလိုက်သည့်အပေါ် ယခုကဲ့သို့ မဘသအမျိုးသားရေးလှုပ်ရှားသူများထံမှ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဆက်အဖြစ် MNDAA၊ TNLA နှင့် MDY-PDF တို့က တကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရှမ်းမြောက်တွင် အဓိကသိမ်းဆည်းရန် သီပေါနှင့် မူဆယ်တို့သာ ကျန်ရှိတော့ ပြီး မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးမြို့နယ်ကိုလည်း လက်လွှတ်လိုက်ရကာ မတ္တရာနှင့် ပုသိမ်ကြီးတို့အထိ စစ်နယ်ကျယ်ပြန့်လာခဲ့သည်။

စစ်ကောင်စီသည် မန္တလေးတိုင်းနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ခုခံစစ်များပြင်ဆင်နေရပြီး အစိုးရရုံး ဌာနများ နှင့် တပ်မိသားစုဝင်များကို အလျင်အမြန်ပြောင်းရွှေ့ ကြရန် စာထုတ်ရသည်အထိ စစ်ရေးအခြေအနေမှာ စစ်ကောင်စီအတွက် ဆိုးရွားစွာ ရှုံးနိမ့်နေခဲ့ခြင်းဖြစ် သည်။

ပုံစာ- လွတ်လပ်ရေးနေ့အကြိုအဖြစ် ဦးဝီရသူအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်စဉ် (၂၀၂၃ ၊ ဇန်နဝါရီ ၂ ရက်)

#စစ်ခေါင်းဆောင် #ရှမ်းမြောက် #အလှူပေးရေစက်ချ #နိဗ္ဗာန်အမြန်ရောက် #ဦးဝီရသူ #ဆုတောင်း #Ayeyarwaddy_Times