ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံး ဖွဲ့သည် ညီနောင် မဟာမိတ်အဖွဲ့နှင့်အတူ ခိုင်ခိုင်မာမာလက်တွဲ တိုက်ပွဲ ဝင်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တို့ ရှမ်းမြောက် လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ် ညီနောင်တော်လှန်ရေး အဖွဲ့များဖြစ်သည့် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် မွန်ပြည်သစ်ပါတီ(NMFC -AD)တို့က ဩဂုတ် ၇ ရက်နေ့တွင် ဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့သည်။

MNDAA ၊ TNLA ၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့၏ နှစ်သစ်ကူးကြေညာချက်၌ တပြိုင်နက်တည်းတွင် လက်ရှိရင်ဆိုင်နေရသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေရသည့် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီ ညွတ်စွာ အလုပ်လုပ်နိုင်ကြရန် လိုအပ်လျက်ရှိသည်။

ထို့ပြင် မြန်မာပြည်သူတစ်ရပ်လုံး မျှော် မှန်းထားသော ဘုံရည်မှန်းချက်များပြည့်ဝစေရန် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်ရန်အတွက် လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားပြီး ထိုသို့ဖော်ပြချက်နှင့်အညီ “၁၀၂၇ စစ်ဆင်ရေး” လှိုင်းလုံးများနှင့်အတူလူထုတော်လှန်ရေး ၏အောင်ပွဲအဆင့်ဆင့်ကို ရရှိကာ လူထုကိုရန်သူအဖြစ် သတ်မှတ်စစ်ဆင်နေသော စစ်အုပ်စု၏ ရှုံးနိမ့်မှုများကိုလည်း ပီပီပြင်ပြင်တွေ့မြင်နေရသည်။

ထို့ကြောင့် PNFC ၊ PNLO နှင့် NMFC-AD အဖွဲ့များ အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အောင် မြင်မှုများစွာရရှိနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ညီနောင်မဟာ မိတ်အဖွဲ့၏ အောင်မြင်မှုကို ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တစ်စိတ်တစ်ပိုင်း လွတ်မြောက်ရုံဖြင့် အားလုံး မလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ် မြောက်မှုအစစ်ကို အပြည့်အဝရရှိမည်ဟု ခံယူချက်နှင့်အညီ အားလုံးလွတ်မြောက်ရန်အတွက် စုပေါင်း တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

တော်လှန်ရေးတပ်ပေါင်းစု သုံးဖွဲ့အနေဖြင့် တိုင်းရင်း သားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံးလိုလား သည့်စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘဝတူညီနောင်တော်လှန်ရေး အင်အားစုများ နှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သိမ်းပိုက်နိုင်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ကလည်း ဂုဏ်ပြုကြောင်း နှင့် အာဏာသိမ်းစစ်တပ်ပြိုလဲသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပုံစာ- PNFC ၊ PNLO နှင့် NMFC-AD တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #ညီနောင်မဟာမိတ် #အတူ #တိုက်ပွဲ #ဝင်မည် #PNLO #PNFC #NMFC-AD #ထုတ်ပြန် #Ayeyarwaddy_Times