
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
မန္တလေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများတွင် အရေးကြီးစာရွက်စာတမ်းများအပါအဝင် ရုံးသုံးပစ္စည်းများနှင့် ဝန်ထမ်းများ လုံခြုံသည့်နေရာသို့ရွှေ့ ပြောင်းရေး စီမံထားရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာတွင် ဩဂုတ်လ ၈ ရက်နေ့ရက်စွဲဖြင့် တိုင်းအတွင်းလက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးအခြေအနေအရ ဌာနပိုင်အရေးကြီးစာရွက်စာတမ်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ဝန်ထမ်းများအား လုံခြုံမှုရှိသောနေရာသို့ ပြောင်းရွှေ့ နိုင်ရေးအတွက် အစီအမံများရေးဆွဲရန် လိုအပ်ကြောင်း ခိုင်းစေညွှန်ကြားထားကြောင်း သိရသည်။
ယင်းသို့ စီမံထားရန်လိုအပ်သည့်အတွက် မြို့နယ်ဦး စီးဌာနမှူးများအနေဖြင့် ရွှေ့ပြောင်းရေးအစီအမံများကို ရေးဆွဲပြီး အမြန်(အမြန်)ဆုံးပြန်လည်တင်ပြရမည်ဟု ဆိုသည်။
“ပြောင်းရွှေ့ဆိုတာကလည်း ကိုယ့်အစီအစဉ်နဲ့ပါပဲ။ သူတို့ကလုပ်ပေးမှာ မဟုတ်ဘူး။ သူတို့ဟာနဲ့တောင် စစ်ရေးပြင်ဆင်နေရတာ မအားဘူး။ ကိုယ့်ဘာသာ ပြေးကြလို့ ပြောတာနဲ့အတူတူပါပဲ”ဟု မန္တလေးမြို့ရှိ လျှပ်စစ်ရုံး Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်းကြီး စသည့်မြို့များရှိ စစ်ကောင်စီးတပ်စခန်း၊ ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး မန္တလေးမြို့နှင့်နီးကပ်လာ သည့်အတွက် ယင်းသို့ရွှေ့ပြောင်းမှုများကို အရေးပေါ် ပြုလုပ်နေကြခြင်းဖြစ်သည်။
မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီ၏ အရာရှိမိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများသည် စစ်ရေးပစ်မှတ် ဖြစ်သည့် ဌာန၊ အဆောက်အဦများမှ စွန့်ခွာထွက်ပြေးမှုများရှိနေကြောင်း သိရသည်။
#မန္တလေး #စစ်ကောင်စီ #ရုံးဌာန #ဝန်ထမ်း #အရေးပေါ် #ပြောင်းရွှေ့ #စီမံချက် #ညွှန်ကြားစာ
#Ayeyarwaddy_Times