
ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ပင်လယ်ကမ်းစပ်တစ်ခုအနီးတွင် မွတ်ဆလင်အများအပြား သေဆုံးနေသည့်ဖြစ်ရပ်မှာ အာရက္ခတပ်တော် AAနှင့် သက်ဆိုင်ခြင်းမရှိဘဲ ၊ AAထိန်းချုပ်နယ်မြေများတွင် ဖြစ်ပွားခြင်းမရှိကြောင်းနှင့် ဖြစ်ရပ်မှန်ကို သိရှိရန် စုံစမ်းစစ်ဆေးနေကြောင်း AAက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၅ရက်က မောင်တောမြို့တွင်းမှ စစ်ရှောင်ရန်ထွက်ပြေးလာသည့် မွတ်ဆလင်အများအပြား သေဆုံးနေသည့် ဖြစ်စဉ်မှာ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိဘဲ များစွာ စိတ်မကောင်းဖြစ်ရကြောင်း AAက ယမန်နေ့သြဂုတ် ၇ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလာခြင်းဖြစ်သည်။
အဆိုပါ စစ်ရှောင်မွတ်ဆလင်များမှာ လက်နက်ကြီး သို့မဟုတ် ဗုံးစထိမှန် သို့မဟုတ် ရေနစ်သေဆုံး သို့မဟုတ် လေကြောင်းတိုက်ခိုက်ခံရမှု သို့မဟုတ် ပေါက်ကွဲမှု တစ်ခုကြောင့် သေဆုံးသွားရခြင်း ဖြစ်နိုင်ကြောင်း AAက ဆိုသည်။
စစ်ကောင်စီကမူ အဆိုပါ စစ်ရှောင်မွတ်ဆလင်များကို AA က ညှဉ်းပန်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ပိုင် သတင်းစာတွင် ထည့်သွင်းဖော်ပြ စွပ်စွဲထားသည်။
စစ်ကောင်စီနှင့် ၎င်းတို့လက်နက်တပ်ဆင် စစ်သင်တန်းပေးထားသည့် မူဆလင်များနှင့် ARA၊ ARSA၊. RSOအစရှိသည့် အဖွဲ့များသည် မောင်တောဒေသတွင် ဒေသခံပြည်သူများကို လူသားဒိုင်းကာ သဖွယ်ပြုလုပ်၍ အကြမ်းဖက်မှုများလုပ်ဆောင်နေကြောင်း AA ကဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အန္တရာယ်ရှိသည့်နေရာများတွင်မနေဘဲ AAတပ်ဖွဲ့များရှိရာသို့ထွက်ခွာလာရန်၊ စစ်ကောင်စီတပ်များနှင့်ပူးတွဲနေထိုင်ခြင်းမပြုရန်၊ ပိတ်မိနေပါက တိုက်ပွဲ ဧရိယာနှင့်ဝေးသည့်နေရာနေရာတွင်နေထိုင်ရန်၊ စစ်ကောင်စီတပ်ဖွဲ့များက လူသားဒိုင်းကာအဖြစ်အသုံးမပြုနိုင်ရန် ၎င်းတို့နှင့် ဝေးသောနေရာတွင်နေထိုင်ကြရန်နှင့် အကြမ်းဖက်သမားများ ဒေသခံများနှင့်ရောနှောလိုက်ပါလာပါက AAထံအကြောင်းကြားရန် ဆိုထားသည်။
#မောင်တော #စစ်ရှောင်များ #သေဆုံးမှု #AA #သက်ဆိုင်ခြင်းမရှိ #Ayeyarwaddy_Times