နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ဆင်ရေးအပါအဝင် နိုင်ငံတဝန်း၌ ၎င်းတို့ စစ်ရှုံးနေမှုအပေါ် တရုတ်နှင့် ထိုင်းအား ရည်ညွှန်း၍ ပြည်ပနိုင်ငံတချို့မှ ကူညီပေးနေကြောင်း တရားဝင်လူသိရှင်ကြား အပြစ်တင်စွပ်စွဲ ပြောဆိုခဲ့သည်။

လက်ရှိတွင် ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ် (ကာချုပ်) ရာထူးများ ရယူထားသော စစ်ခေါင်းဆောင်က နိုင်ငံအတွင်း အခြေအနေနှင့် ပတ်သက်၍ ဩဂုတ် ၅ ရက်၊ ည‌ပိုင်းတွင် ၎င်းတို့ဝါဒဖြန့် ရုပ်သံမီဒီယာများမှတဆင့် ပြောကြားရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောခဲ့ကြောင်း သိရသည်။

“အဓိက တရုတ်ကို ပြောလဲပြောချင်၊ ဗြောင်လဲမပြောရဲတော့ စောင်းတရား ဟောတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီဘက်မှာ ဒီလိုဟာတွေ ရှိနေတယ်ဆိုတာ တရုတ်ကလွဲလို့ အခြားဘယ်အင်အားစုမှ မရှိပါဘူး။ ဒါကြောင့်လည်း တရုတ်က မင်းအောင်လှိုင်အပေါ်မှာ မကြည်မလင် ဖြစ်တာပေါ့” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် ၎င်းတို့လိုချင်သော လက္ခဏာမျိုး ရရှိစေလိုသည့် ပြည်ပနိုင်ငံတချို့က တော်လှန်ရေး အင်အားစုများကို ငွေကြေး၊ အစားအသောက်၊ လက်နက်ခဲယမ်း မီးကျောက်၊ နည်းပညာနှင့် အုပ်ချုပ်မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

“သူရဲ့ ရည်ညွှန်းချက်က ဒီလိုမျိုး တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား ဆိုလိုချင်တာ မဟုတ်ဘဲ အကုန်လုံးကို သိမ်းကျုံးပြောနေတဲ့ သဘောတော့ရှိတယ်။ သူရဲ့ ပြောဆိုချက်ထဲမှာတော့ စဉ်းစားမယ်ဆိုရင် အကုန်လုံး ပါသွားနိုင်တယ်။ တရုတ်ရော၊ ထိုင်းရော ပါနိုင်တယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို ထောက်ပံ့ကူညီမှု အများကြီး ရှိနေသလို နယ်စပ်ဒေသရှိ အဖွဲ့အစည်းများအနေဖြင့်လည်း သက်ဆိုင်ရာ နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများ၏ သဘောထားအပေါ်တွင် မူတည်၍ ရပ်တည်ရကာ အကုန်လုံးက အပြန်အလှန် နားလည်မှုရှိနေသော သဘောမျိုးဖြစ်သည်ဟု ယူဆရကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်သည်။

စစ်ခေါင်းဆောင်ကမူ တရုတ်-မြန်မာ နယ်စပ်ရှိ EROs နယ်မြေအချို့တွင် လက်နက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နေကာ အဆိုပါ လက်နက်စက်ရုံများက ထုတ်လုပ်သည့် လက်နက်ခဲယမ်းများကို PDF နှင့် အခြား EAOs များအား ထောက်ပံ့၊ ရောင်းချခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။

ထို့အပြင် ယခုလို လက်နက်စက်ရုံများ တည်ထောင်နိုင်ခြင်းမှာ သာမန်အခြေအနေဖြင့် မရနိုင်ဘဲ ငွေကြေးနှင့် နည်းပညာများစွာလိုအပ်သောကြောင့် ယင်းစက်ရုံများ လည်ပတ်ရန် ငွေကြေးနှင့် နည်းပညာ အင်အားများ မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု စစ်ခေါင်းဆောင်က ဆက်လက်ပြောသည်။

“သူက သူ့ကိုယ်သူက လွဲလို့ရှိရင် ကျန်တဲ့သူအားလုံး အပြစ်တင်နေတာပေါ့။ သူရဲ့ မူဝါဒအမှားနဲ့ ခေါင်းဆောင်မှု အရည်အသွေး ညံ့ဖျင်းမှုကို စိတ်ပျက်နေတဲ့ သူ့စစ်တပ်က စစ်မတိုက်ချင်တော့တဲ့ အနေအထားရောက်နေတဲ့အတွက် စစ်စခန်းတွေ အလွယ်တကူကျ၊ အလံဖြူထောင် လက်နက်ချဆိုတဲ့ ကိစ္စတွေ ဖြစ်နေတာလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအတွက် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါလှပြီး သမိုင်းအစဉ်အလာရှိသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီး လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်ခေါင်းဆောင်ကိုယ်တိုင် ထွက်ပြောခြင်းဖြစ်သလို ၎င်းတို့ကို တိုက်ခိုက်နေသည့် ဒရုန်းများမှာ ပြင်ပကြေးစားများနှင့်ပူး‌ပေါင်း၍ နည်းပညာအရ အဆင့်မြှင့်တင်ထားသည်ဟုလည်း မျက်နှာမသာမယာဖြင့် ဆိုသည်။

#စစ်ခေါင်းဆောင် #စစ်ရှုံးနေမှုအပေါ် #တရုတ် #ထိုင်းနိုင်ငံ #အပြစ်တင် #Ayeyarwaddy_Times