
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဩဂုတ် ၈ ရက်
ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် နှင့် အနီးဝန်းကျင်နေရာများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် ယမန်နေ့ ဩဂုတ် ၇ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။
လွိင်ကော်မြို့အနောက်ဘက် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး အနီးရှိ ရပ်ကွက်များဖြစ်သည့် မိုင်းလုံး ၊ ရွာတန်း ရှည် ၊နမ့်ဘော်ဝမ် ၊ ထူဒူငံသ၊ စိုက်ကွင်း(၃) ၊ ဒေါဆန်းဘွန်း၊ ပန်ကန်း စသည့် ရပ်ကွက်၊ကျေးရွာများ အတွင်း ပြီးခဲ့သည့် ဇူလိုင်အစမှ စတင်ကာ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲများက လမ်းမကြီးများဘေး နှင့် ရပ်ကွက်များအတွင်း ကင်းပုန်းများဝပ်၍ ဖြတ်သန်းသွားလာသည့် ဒေသခံများကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် မိမိတို့ရပ်ကွက်၊ နေအိမ်များသို့ ပြန်ခြင်းမပြုရန် KNDF ကထုတ်ပြန် ထားခြင်းဖြစ်သည်။
“စစ်ကောင်စီက မိုင်းလုံးမှာဆိုလို့ရှိရင် ဂျီတီစီကျောင်းတို့၊ မြကလပ်စေတီတို့ နဲ့ မိုင်းလုံးရက်ကွက်က နေရာအချို့မှာ နဂိုကတည်းက ကတပ်စွဲထားတယ်။ ဒီနေရာတွေမှာဆို ကျွန်တော်တို့တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်ပေါ့နော်။ ဇွန်လ နောက်ဆုံးပတ်က စပြီးတော့ သူတို့(စစ်ကောင်စီ)က အင်အားနည်းနည်းဖြည့်ပြီးမှ ဖြန့်ထိုးလာတဲ့ ပုံစံမျိုးလုပ်လာတယ်။ အိမ်တွေကို မီးရှို့တယ်၊ တိုက်ပွဲကပိုပြင်းထန်လာတယ်။ ဇူလိုင်လကစပြီးတော့တိုက်ပွဲ တောက်လျှောက် နေ့စဉ်ကိုမနားပဲ ဖြစ်နေတယ်။ အရင်တုန်းက ကြိုကြား ကြိုကြားပဲဖြစ်တယ်” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လွိုင်ကော်-ဒီးမော့ဆို လမ်းပိုင်းရှိ ဒေသခံများ အနေဖြင့် နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများပြန်လည်ဝင်ရောက် သယ်ယူခြင်းများကို မပြုလုပ်ကြရန်နှင့် လက်ရှိစစ်ရေးအခြေနေများ ကြောင့် လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး နှင့် ဆက်စပ်နေသည့် လမ်းသွယ်(ပမာ- ဟိုဖိတ်- (၆)မိုင် -ပန်ကန်းလမ်း) တို့ကိုပါ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် KNDF က သတိပေးပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့နှင့် နေရာယူကာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများမှ နေအိမ်များ ကိုလည်း နေ့စဉ်မီးရှို့မှုများပြုလုပ်နေပြီး မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ဒေသခံ နေအိမ် အလုံး ၉၀ ကျော် မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#လွိုင်ကော် #ဒီးမော့ဆို #လမ်းပိတ် #စစ်ကောင်စီတပ် #တိုက်ပွဲဖြစ် #KNDF #Ayeyarwaddy_Times