ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ် ရှိ မိန်းမလှကျွန်း ဘေးမဲ့တောအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် သြဂုတ်လ (၁)ရက်နေ့တွင် မြို့နယ်စစ်ကောင်စီမှ အမိန့်ထုတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

“ရွာတွေကို စက်လှေနဲ့ လိုက်အော်သွားတယ်။ ၀င်ရင်ပစ်မယ်တဲ့ အဲ့ဘက်မှာ ငါးပိုက်ချ ၊ အသီးအရွက်ခူး၊ ပိုက်ဘ၀င်းချတဲ့သူတွေ အကုန်ဒုက္ခရောက်ကုန်ကြတာပေါ့ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မိန်းမလှကျွန်းဘေးမဲ့သစ်တောဧရိယာအတွင်း ရာဇ၀တ်မှုမကင်းသူများ ခိုအောင်းနေထိုင်နိုင်ခြင်းနှင့် သစ်တောဌာနမှ တားမြစ်ထားသော တိရိစ္ဆာန်နှင့် အပင်များ ခိုးယူခံရခြင်းများရှိလာသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရ ဝင်ရောက်မှုကို တားမြစ်ကြောင်း စစ်ကောင်စီ၏မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဩဂုတ် (၁) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

မိန်းလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအပြင် မြောက်ဘက်တွင် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အရှေ့ဘက် ဘိုကလေးမြစ်၊ တောင်ဘက် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အနောက်ဘက် ကဒုံကနိမြစ်အထိ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသောကြောင့် တံငါလုပ်ငန်းဖြင့် အသက်မွေးကြသောဒေသခံများ အခက်ကြုံနေကြရကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းနှင့် ထိစပ်နေသည့်ရခိုင်ပြည်နယ်တွင် စစ်ရေးအရရှုံးနိမ့်နေသည့်အတွက်ဧရာဝတီတိုင်းအတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ဝင်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်ပြီး ပိတ်ဆို့တားဆီးမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

#ဘိုကလေး #မိန်းမလှကျွန်း #ဘေးမဲ့တော #စစ်ကောင်စီ #ပုဒ်မ၁၄၄ထုတ် #ဒေသခံများ၀င်ရောက်ခွင့်ပိတ်ပင်
#Ayeyarwaddy_Times