ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

မြန်မာနိုင်ငံတွင်စားနပရိက္ခာမလုံလောက်မှုဖြစ်နေချိန်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေနှစ်သိန်းကျော်ရေဘေးသင့်၍ အရေးပေါ်စားနပ်ရိက္ခာအကူအညီများထောက်ပံ့ပေးထားကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ ( WFP) က ထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းမှစတင်သောမိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံရှိ လူဦးရေနှစ်သိန်းကျော် ရေဘေးသင့်ရပြီး တစ်ဝက်နီးပါးဖြစ်သည့် လူဦးရေးတစ်သိန်းကျော်ကို ကူညီပေးရန်စတင်နေပြီဖြစ်ကြောင်း WFP က ထုတ်ပြန်သည်။

“ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှုအရေးပေါ်အခြေအနေရောက်နေတဲ့အချိန်မှာ ရေဘေးကဖြစ်လာရပြန်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ လူဦးရေးပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရုန်းကန်နေရတဲ့အချိန်မှာ အခုလိုရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီးထိခိုက်လွယ်တဲ့အခြေအနေကိုရောက်ကြရတယ် ဟု Mr. Paolo Mattei က ဆိုသည်။

လက်ရှိတွင်ရေဘေးကူညီမှုအဖြစ် ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူးနှင့် မကွေးတိုင်းတို့ရှိရေဘေးသင့်ပြည်သူ ၁၂၀,၀၀၀ အတွက် ထောက်ပံ့ရာတွင် ငွေသား၊ ဆန်၊ အဟာရမှုန့်များနှင့် အဟာရဖြည့်ဘီစကွတ်များ ပါဝင်ကြောင်း WFP ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထို့ပြင်ရေဘေးကူညီပေးနေသော ဒေသခံပရဟိတအဖွဲ့အစည်းများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နိုင် သည့်အခြေအနေများကိုစောင့်ကြည့်ပြီး လိုအပ်ပါကရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားသည့် တိုင်းနှင့် ပြည်နယ်များတွင် ဂြိုလ်ထုပုံရိပ်အရ လူဦးရေပေါင်း ၈၅၅,၀၀၀ နေထိုင်ကြောင်းသိရသည်။

“ ရေကြီးတဲ့နေရာတွေအများကြီးဆိုတော့ ပရဟိတအဖွဲ့တွေမရှိတဲ့ရပ်ကွက်တွေဆိုရင် ကူညီထောက်ပံ့မှုတွေဘာမှမရဘူး။ ရေကြီးပြီးလို့ရေသာကျသွားတယ်။ ဘာအကူညီမှမရလိုက်တဲ့သူတွေရှိတာပေါ့။ အခုတော့ပြန်လည်ထူထောင်ရေးလုပ်ရမဲ့အချိန်တွေဖြစ်သွားပြီ” ဟု လူမှုကူညီရေးဆောင်ရွက်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ဇွန်လကုန်ပိုင်းမှ ဇူလိုင်လကုန်ထိ ဧရာဝတီမြစ်ရေတက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းစတင်ရာ ယင်းမြစ်ကြောင်းတစ်လျှောက်ရှိမြို့ကြီးများအပါအဝင် မြို့ပေါင်း ၂၅ မြို့ကျော်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – WFP
#လူဦးရေနှစ်သိန်းကျော် #ရေကြီးရေလျှံ #စားနပ်ရိက္ခာလိုအပ် #WFP #Ayeyarwaddy_Times