ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ရက်

ရခိုင်ပြည်နယ် ၊ သံတွဲမြို့ ၊ သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်၍ မိသားစုများနှင့် နေအိမ်များထံ ပြန်လည်ပို့ဆောင်ပေးလျက်ကြောင်း သိရသည်။

သံတွဲအကျဉ်းထောင်၌ စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစသော ရာဇဝတ်မှုအသီးသီး ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား၃၇၂ ဦးကို AA က ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ သည်။

ထိုသိ့ ကယ်ထုတ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုနှင့် နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း ယနေ့ ဩဂုတ် ၈ရက်နေ့တွင် AA က ထုတ်ပြန်သည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ဒေသတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာ အများစုတို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက် ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသည့် အကျဉ်းသားများအားလုံး စုစုပေါင်း ၃၇၂ ဦးကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်နေစဉ်အတွင်း အကျဉ်းသား ခုနစ် ဦးမှာ စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး ငါး ဦးသေဆုံးခဲ့ကာ ကျန်နှစ် ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားကြောင်း သိရသည်။

ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါဝင်ပြီး ၎င်းအနက် နှစ် ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ကာ ကျန်နိုင်ငံရေးအကျဉ်းသား ၄၁ ဦးတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ ၁၇ ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ‌ကြောင်း AAက‌ ဆိုထားသည်။

စစ်ကောင်စီသည် ယခင်ရက်များအတွင်းက ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် နေခြင်းအပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေး အကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ဩဂုတ် ၆ ရက်နေ့မှစတင်၍ ပြန်လည်ပို့ဆောင်ပေးနေကြောင်း AAက ဆိုသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၄၁ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့‌ ကြောင်း သိရသည်။

ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေး၍ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း AA က အသိပေးထားသည်။

#သံတွဲအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #AA #ကယ်ထုတ် #မိသားစု #ပြန်လည်ပို့ဆောင် #Ayeyarwaddy_Times