ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံတစ်ခုမှာ ပြီးခဲ့သည့် ဇူလိုင် ဒုတိယအပါတ်က အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စက်ရုံပိတ်သိမ်းခဲ့သည့်အတွက် နစ်နာခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၈၀ ကျော်အတွက် နစ်နာကြေး ဘတ် ၁၈ သန်းကျော် ရရှိရန် MHAC မဟာမိတ်အဖွဲ့မှ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက္ကူစက်ရုံမှာ အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စက်ရုံပိတ်သိမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမား ၃၀၀ ကျော် အပါအဝင် အလုပ်သမား စုစုပေါင်း ၃၈၀ ဦးမှာအလုပ်လက်မဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်။

ထိုင်းအလုပ်ရှင်မှ ဖြေရှင်းချက်ကို မကျေနပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှ (M.H.A.C) မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူ အညီတောင်းခံခဲ့ပြီးနောက် ထိုင်းအလုပ်သမားဥပဒေ နှင့်အညီ နစ်နာမှုများအတွက် ရသင့်သည့်ခံစားခွင့်ရရှိနိုင်ရန် စက္ကူစက်ရုံသို့သွားရောက်၍ အလုပ်သမားများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး သက်‌ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ လျော်ကြေးငွေများ ရရှိနိုင်ရန် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အလုပ်သမားတွေကတော့အလုပ်လက်မဲ့ဖြစ်တာ ရက်နှစ်ဆယ် နီးပါးရှိပြီ အလုပ်ပြုတ်ပြီး ရက်နှစ်ဆယ်အတွင်းမှာ နစ်နာကြေးခံစားခွင့် ရရှိအောင် ကျွန်တော်တို့လိုက်ပါ ဆောင်ရွက်ပးခဲ့တယ်။ သူဌေးဆီက နေအလုပ် ပြောင်းရွှေ့ခွင့်စာရွက်စာတမ်းတွေ နောက်အလုပ်သစ်တစ်ခု‌ ကို အဆင်ပြေ ချောမွေ့စွာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောင်းရွှေ့နိုင်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ရရှိဖို့အတွက် ဆက်လက်ကြိုးစားပေးနေတယ်။ နောက်တစ်ခုက လူမှုဖူလုံရေးခံစားခွင့်တွေ အလုပ်နားရက် တွေအတွက် ဂရုဏာကြေး ခံစားခွင့်ရှိတယ် အဲအတွက် ဆက်လက်ဆောင်ရွက်ပေးနေတယ်။ ကျွန်တော်တို့ကလည်း ထိုင်းအာဏာပိုင် တွေနဲ့ပူးပေါင်းဆောင်ရွက်တာ ဖြစ်တဲ့အတွက် အလုပ်သမားတွေ အတွက်အဆင်ပြပါတယ်” ဟု MHAC မဟာမိတ်အဖွဲ့ဦး‌ဆောင်သူ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများရရှိခဲ့သည့် နစ်နာကြေးသည် ထိုင်းနိုင်ငံတွင် နှစ်နှစ်အတွင်း ရရှိခဲ့သည့် နစ်နာကြေး လျော်ကြေးငွေများအနက် အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

နစ်နာကြေးများကို ထိုင်းနိုင်ငံသားအလုပ်သမားများလည်း ရရှိခဲ့ပြီး လုပ်သက် တစ်နှစ်မှ သုံး နှစ်အထိ အလုပ်သမားများကို ၃၂၆၇၀ ဘတ်၊ လုပ်သက် သုံးနှစ်မှ ငါးနှစ်အထိ အလုပ်သမားများကို ၆၅၃၄၀ ဘတ်စီ အသီးသီးရရှိခဲ့ကြကြောင်းလည်း သိရသည်။

နစ်နာခဲ့ရသည့် မြန်မာအလုပ်သမားများတွင် MOUစနစ်ဖြင့်လာသည့်အလုပ်သမားများလည်း ပါဝင်ကြောင်း သိရပြီး အလုပ်သမားများမှာ လူမှုဖူလုံရေးကြေးကိုလည်း လစဉ်သွင်းထားသည့်အတွက် နောက်အလုပ်တစ်ခုရှာဖွေနေစဉ် နှစ်လစာအတွက် လူမှုဖူလုံရေးကြေးရရှိနိုင်ရန်လည်း ဆောင်ရွက်ပေးထားကြောင်း ကိုရဲမင်း(AAC) ထံက သိရသည်။

ယခုကဲ့သို့ နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရရှိရန် (M.H.A.C)မဟာမိတ်အဖွဲ့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီး

ဌာနမှတာဝန်ရှိသူများ နှင့် LPN ဖောင်ဒေးရှင်းတို့မှလည်း ပူးပေါင်းကူညီခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – ကိုရဲမင်း
#ထိုင်း #မဟာချိုင် #စက္ကူစက်ရုံ #ရွှေ့ပြောင်းအလုပ်သမား #နစ်နာကြေးရရှိ #ဘတ်၁၈သန်း #MHAC #Ayeyarwaddy_Times